Skip to main content

လမြတ်ဝါဆိုလပြည့်နေ့နှင့် သာသနာတော်ထွန်းကားရေး

ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) ဖြစ်သည်။ ထူးမြတ်သည့်နေ့တွင် မြတ်စွာဘုရားရှင်၏ ထူးခြားသည့်ဖြစ်စဉ်တော်များကိုအာရုံပြု၍ နှလုံးသွင်းကြည်ညိုသူတိုင်း ကုသိုလ်များတိုးပွားကာ ကောင်းကျိုးများ ရစေမည့်နေ့မြတ်ဖြစ်သည်။ ထို့ကြောင့် “လမြတ်ဝါဆိုကုသိုလ်ပိုသည့်လ” ဟု ဆိုကြသည်ဖြစ်ရာ ကုသိုလ်ကောင်းမှုများ ပွားများအားထုတ်ကြရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

လမြတ်ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များမှာ မယ်တော်မာယာ၏ ဝမ်းကြာတိုက်တွင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ပဋိသန္ဓေယူသောနေ့၊ သိဒ္ဓတ္ထမင်းသား တောထွက်တော်မူသောနေ့၊ ပဉ္စဝဂ္ဂီငါးဦးကို ဓမ္မစကြာတရားဦးဟောတော်မူသောနေ့၊ ဘုရားဖြစ်ပြီဟု ရဲဝံ့စွာကြေညာတော်မူသောနေ့၊ တရားရတနာ စတင်ပေါ်ထွန်းသောနေ့၊ သံဃာရတနာစတင်ပေါ်ထွန်းသောနေ့၊ ဧဟိဘိက္ခုဟူသော မြတ်ဗုဒ္ဓ၏ ဗျာဒိတ်တော်ရ ရဟန်းစတင်ပေါ်ထွန်းတော်မူသောနေ့၊ ခုနစ်ဝါမြောက်ဝါဆိုတော်မူပြီး အဘိဓမ္မာတရားဟောကြားရန်အတွက် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူစဉ်ရေမီးအစုံဖြင့် တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့တို့ဖြစ်သည်။

ဤမျှထူးကဲမွန်မြတ်လှသော မြတ်စွာဘုရားရှင်၏ ကြည်ညိုဖွယ်ရာ ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံလှသော ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် ကလျာဏပုထုဇဉ် သူတော်ကောင်းအပေါင်းတို့အနေဖြင့် မိမိတို့သဒ္ဓါတရားပေါက်ရာ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တို့ကို နှလုံးသွင်းကြည်ညိုအာရုံပြု၍ ကောင်းမှုကုသိုလ်များ အခွင့်သာခိုက်ရယူနိုင်ကြပါသည်။ ဝါဆိုလပြည့်နေ့သည် မြတ်ဗုဒ္ဓဖြစ်တော်စဉ်နှင့် ထေရဝါဒသာသနာဝင်သမိုင်းတွင် အထူးခြားဆုံးလဖြစ်သလို ဗုဒ္ဓဘာသာဝင်အပေါင်းတို့ကလည်း ထူးထူးခြားခြား ကုသိုလ်အမျိုးမျိုးတို့ ပြုလုပ်ကြသည်ကို သာဓုအနုမောဒနာ ခေါ်ဆိုကြရမည်ဖြစ်သည်။

ဤဝါဆိုလပြည့်နေ့မှစတင်၍ ဝါတွင်းသုံးလကာလပတ်လုံးသည် ကောင်းမှုအထူးများ ပြည့်လျှံနေသောကာလဟု ဆိုရမည်ဖြစ်သည်။ ရဟန်းတော်များအနေဖြင့် ဝါတွင်းသုံးလကာလပတ်လုံး အရပ်တစ်ပါးသို့ မကြွရောက်တော့ဘဲ သီတင်းသုံးနေထိုင်ရာ ကျောင်းတွင်ပင်ပရိယတ္တိ၊ ပဋိပတ္တိတစ်မျိုးမျိုးကို ကျင့်ကြံအားထုတ်ကြသည်။ ဗုဒ္ဓဘာသာဝင်အများစုတို့သည် ဝါဆိုလပြည့်နေ့မှစ၍ ဝါတွင်းသုံးလအတွင်း ဥပုသ်နေ့တိုင်းတွင် ဥပုသ်သီလစောင့်ထိန်းကြသည်။ ဒေသအသီးသီးရှိ ကျောင်းတိုက်များတွင် ဥပုသ်စောင့်သူများနှင့် ပြည့်နှက်စည်ကားလျက်ရှိသည်။

မြတ်စွာဘုရားရှင်၏ ထူးကဲမွန်မြတ်သော ဂုဏ်အင်များကို အမြဲမပြတ်ကြည်ညို သဒ္ဓါပွားများကာ ကောင်းမှုကုသိုလ်များ ပြုလုပ်သင့်သည်။ နှလုံးသားတွင် ဘုရားတည်၍ ယခုဘဝနောင်သံသရာအတွက် ကောင်းကျိုးများကို ရယူနိုင်သည်။ ရှေးအခါက လပြည့်၊ လကွယ် ဥပုသ်နေ့သို့ရောက်သည့်အခါ သက်ကြီးရွယ်အိုတို့သာမက အချို့သောလူငယ်လူရွယ်များပါ ဥပုသ်သီတင်းစောင့်ထိန်းကြသည့် အစဉ်အလာများရှိခဲ့သည်။ မျက်မှောက်ကာလတွင် ပရိယေသနဝမ်းစာရှာဖွေရေးနှင့် ခေတ်ကာလ၏ ပြောင်းလဲလာသော အခြေအနေတို့ကြောင့် သာသနာရေးဆိုင်ရာ အစဉ်အလာများ လျော့ပါးလာသည်ကို တွေ့ရသည်။

အပျော်အပါးနှင့် ထူးထွေဆန်းပြားမှုများ၍ ကုသိုလ်ကောင်းမှုများနှင့် ဝေးကွာစေသည်။ ခေတ်ကာလအလျောက် ပြောင်းလဲတိုးတက်လာမှုများ၊ တိုင်းတစ်ပါးယဉ်ကျေးမှု လွန်ကဲစွာလွှမ်းမိုးမှုများက ဘာသာသာသနာဆိုင်ရာ မြန်မာ့ရိုးရာအစဉ်အလာများကို မှေးမှိန်ပျောက်ကွယ်စေသည်။ မျက်မှောက်ကာလတွင် မြန်မာတို့၏ ယဉ်ကျေးမှုအစဉ်အလာ လျော့ပါးလာသောကြောင့်လည်းကောင်း၊ ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးပယောဂများကြောင့်လည်းကောင်း ဘုရား၊ တရား၊ သံဃာတို့အား ကြည်ညိုဆည်းကပ်မှုများ ကင်းကွာလာစေသည်သာမကဘဲ ဘုရား၊ တရား၊ သံဃာတော်တို့အပေါ်တွင် ပြစ်မှားစော်ကားသည့်အမှုများပင် ကျူးလွန်လာကြသည်ကို မကြာခဏ မြင်တွေ့ကြားသိလာရသည်။

ဗုဒ္ဓဘာသာဝင်များအနေဖြင့် ရှေးယခင်ခေတ်ကာလနှင့်မတူ ဘုန်းတော်ကြီး ကျောင်းများသို့သွားရောက်၍ ကုသိုလ်ယူမှုများ နည်းပါးလာသည်ကို တွေ့လာရသည်။ သံဃာတော်များ၏အဆုံးအမကိုခံယူမှု အားနည်းလာသည်ကို တွေ့ရသည်။ သံဃာတော်နှင့်ကင်းကွာသောအခါ သာသနာတော်ဆိုင်ရာသိကောင်းစရာများ၊ သိသင့်သိထိုက် ခံယူသင့်ခံယူထိုက်မှုများ မရှိတော့ပေ။ လူကြီးများ ဘာသာသာသနာဆိုင်ရာ ခံယူမှုနည်းပါးလာသည်နှင့်အမျှ လူငယ်လူရွယ်များအနေဖြင့် ပို၍ဝေးကွာစေသည်။ ယနေ့လူငယ်လူရွယ်အများစုသည် လဆန်း၊ လဆုတ်၊ လပြည့်၊ လကွယ်နေ့မြတ်များကို မသိကြတော့ပေ။ ဗယ်လင်တိုင်းဒေး ချစ်သူများနေ့ကိုတော့ သိကြသည်။

သို့ဖြစ်ရာ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)သည် မြတ်ဗုဒ္ဓ၏ ထူးကဲမွန်မြတ်သော နေ့ထူးနေ့မြတ်ဖြစ်၍ မြတ်ဗုဒ္ဓ၏ ထူးကဲမွန်မြတ်သော ဂုဏ်အင်များနှင့် ကြည်ညိုသဒ္ဓါပွားကောင်းမှုကုသိုလ်များ ပြုလုပ်ရသည့် အကျိုးတရားများကို ဗုဒ္ဓဘာသာဝင်များအကြား ပိုမိုကျယ်ပြန့်စွာ အသိပေးနှိုးဆော်၍ ယဉ်ကျေးမှုအစဉ်အလာနှင့် သာသနာထွန်းကားလာအောင် ကြိုးပမ်းလုပ်ဆောင်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။     ။