Skip to main content

အဋ္ဌကထာကျမ်း လှူဒါန်းမြတ်ကုသိုလ်

ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် လေးဆယ့်ငါးဝါကာလပတ်လုံး လောကလူသားအားလုံးတို့၏ ပစ္စုပ္ပန်သံသရာနှစ်ဖြာသော အကျိုးစီးပွားအလို့ငှာ တရား‌တော်များ ဟောကြားဆုံးမတော်မူခဲ့သည်။ ဗုဒ္ဓဝစနခေါ် ဗုဒ္ဓဟောကြားခဲ့သည့် အဆိုပါတရားတော်တို့မှာ တပည့်သားသံဃာ့အဖွဲ့အစည်းအတွင်း နှုတ်တက်အာဂုံဆောင်ကာ ရောပြွမ်းမှတ်သားခဲ့ကြခြင်းဖြစ်ပြီး ပိဋကတ်အားဖြင့်လည်းကောင်း၊ နိကာယ်အားဖြင့်လည်းကောင်း ပိုင်းခြားသတ်မှတ်ခြင်းမရှိသေးဘဲ ပထမသင်္ဂါယနာတင်သည့် အခါမှသာ ပိုင်းခြားသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ဂေါတမဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် သုံးလခန့်အကြာတွင် အရှင်မဟာကဿပ အမှူးရှိသော ရဟန္တာမထေရ် ၅၀၀ တို့သည် မြတ်စွာဘုရားဟောကြားခဲ့သည့် တရားတော်များကို အရှည်တည်တံ့စေရန် အစုလိုက်ခွဲဝေ၍ နှုတ်တက်ဆောင်ကာ မှတ်သားခဲ့ကြရာမှ ပိဋကတ်အားဖြင့်လည်းကောင်း၊ နိကာယ်အားဖြင့်လည်းကောင်း ပိုင်းခြားသတ်မှတ်ပေါ်ပေါက်လာခဲ့သည်။ ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ် ပါဠိတော်တို့သာမက အဆိုပါကျမ်းတို့ကို အကျယ်ဖွင့်ဆိုထားသည့် အဋ္ဌကထာများလည်း ထင်ရှားပေါ်ထွက်လာခြင်းဖြစ်သည်။ မဇ္ဈိမဒေသခေါ် ယနေ့အိန္ဒိယနိုင်ငံတွင် သင်္ဂါယနာ သုံးကြိမ်တင်ခဲ့ရာတွင် ပိဋကတ်သုံးပုံပါဠိတော်နှင့်တကွ အဋ္ဌကထာတို့ကိုပါ သင်္ဂါယနာတင်ခဲ့သည်။ သာသနာနှစ် ၄၅၀ ပြည့် သီဟိုဠ်ခေါ် ယနေ့သီရိလင်္ကာတွင် စတုတ္ထသင်္ဂါယနာတင်သည့်အခါမှသာ ယခင်ကနှုတ်ဖြင့် အာဂုံဆောင်ခဲ့ကြရသည့် ပါဠိတော်နှင့် အဋ္ဌကထာတို့ ပေထက်အက္ခရာအဖြစ်သို့ ရောက်ရှိလာခဲ့ရခြင်းဖြစ်သည်။

ထေရဝါဒဗုဒ္ဓသာသနာတွင် သင်္ဂါယနာခြောက်ကြိမ်တင်ခဲ့သည့်အနက် မြန်မာနိုင်ငံတွင် ကုန်းဘောင်ခေတ်နှောင်းကာလ မင်းတုန်းမင်းလက်ထက်၌ ပဉ္စမသင်္ဂါယနာကိုလည်းကောင်း၊ လွတ်လပ်ရေးရပြီးကာလ ဖဆပလခေတ်တွင် ဆဋ္ဌသင်္ဂါယနာကိုလည်းကောင်း ကျင်းပကာ သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် ဆောင်ရွက်ခဲ့သည်။ သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရပြီး နှစ်ပေါင်း ၁၀၀ ခန့် သာသနာညှိုးနွမ်းခဲ့ရာ ဖဆပလအစိုးရလက်ထက် သာသနာနှစ် ၂၄၉၈ တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ညောင်ရမ်းဆရာတော်ကြီး အရှင်ရေဝတ၊ မဟာစည်ဆရာတော်ကြီး အရှင်သောဘဏ၊ မင်းကွန်းဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသတို့ ဦးဆောင်၍ ထေရဝါဒဗုဒ္ဓဘာသာ ငါးနိုင်ငံမှ ရဟန်းတော်များ စုစုပေါင်း ၂၅၀၀ တို့နှင့် ဆဋ္ဌသင်္ဂါယနာတင်ခဲ့ပြီး ယခင်ကျောက်ထက်အက္ခရာတင်ခဲ့သည့် ပိဋကတ်တော်များနှင့် အဋ္ဌကထာများကို အလွယ်တကူ သယ်ဆောင်ဖတ်မှတ်လေ့လာနိုင်ရန် ပုံနှိပ်မူများအဖြစ် စာအုပ်များ ရိုက်နှိပ်ခဲ့သည်။

ယခုအခါ နိုင်ငံတစ်ဝန်းရှိ သာသနာ့တက္ကသိုလ်ကြီးများနှင့် ပရိယတ္တိစာသင်တိုက်ကြီးများမှ စာချစာသင်ရဟန်းတော်များ အသုံးပြုလျက်ရှိသည့် ပိဋကတ်သုံးပုံ ပါဠိတော်အဖွင့် အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်တို့ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ ပြန်လည်ပုံနှိပ်ထုတ်ဝေသွားရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်တို့ကို ဆဋ္ဌမူအတိုင်း စာမျက်နှာ၊ စာသားနှင့် စာလုံးရေအတိုင်းပြောင်းလဲမှုမရှိဘဲ စာလုံးအနေအထား သန့်ရှင်းသပ်ရပ်မှုရှိသည့် ကွန်ပျူတာစာမူစနစ်ဖြင့် ကျမ်းစာအုပ်တစ်မျိုးလျှင် အုပ်‌ရေ ၁၀၀၀ စီ ပြန်လည်ပုံနှိပ်ထုတ်ဝေသွားမည်ဖြစ်သည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ ခန့်ကနှင့် နှိုင်းယှဉ်ပါက များစွာတိုးတက်ပြောင်းလဲခဲ့ပြီဖြစ်သော စာစီစာရိုက်၊ ပုံနှိပ်နှင့် စာအုပ်ထုတ်လုပ်မှု နည်းပညာများကြောင့် ကျမ်းစာအုပ်များ၏ အရည်အသွေးမှာ ခေတ်မီကောင်းမွန်လာမည်ဖြစ်သကဲ့သို့ ဆဋ္ဌမူမပျက် မူရင်းအတိုင်း ထွက်ပေါ်လာမည့် အဋ္ဌကထာကျမ်းစာအုပ်များမှာ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ရေး သာသနာ့ဝန်ကို ထမ်းရွက်တော်မူကြမည့် စာချစာသင်ရဟန်းတော်များအတွက် တစ်သက်တာစွဲကိုင်သွားကြရန် လိုအပ်သည့် စာပေကျမ်းဂန်များပင်ဖြစ်သည်။ ထေရဝါဒဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး အရှည်ခံ့၍ တည်တံ့စေရန် လိုလားသော သာသနာ့ဒါယကာ အလှူရှင်များက ပညာပါရမီဖြည့်ဆည်းလိုပါက ကျမ်းစာအုပ်တစ်အုပ်လျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် သဒ္ဓါတတ်အားသမျှ လှူဒါန်းကြရေး နိဗ္ဗာန်အကျိုးမျှော်ကာ နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။