ယခုနှစ်ပြီးခဲ့သည့် နွေရာသီကာလအတွင်း မိမိတို့နိုင်ငံတွင် အယ်နီညိုဖြစ်စဉ်နှင့်အတူ အပူလှိုင်းဖြတ်သန်းမှုကြောင့် နေ့အပူချိန်များမြင့်မားခဲ့သည်။ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ချောက်မြို့တွင် ဧပြီလ ၂၈ ရက်က နေ့အပူချိန် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ် အထိရှိခဲ့ပြီး ကမ္ဘာ့အပူချိန် အမြင့်မားဆုံးမြို့တစ်မြို့ ဖြစ်ခဲ့သည်။ မကွေး၊ မင်းဘူး၊ ညောင်ဦး၊ စစ်ကိုင်းမြို့တို့သည်လည်း ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် ပါဝင်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြီးခဲ့သည့်မေလအတွင်းက သွားရောက်ခဲ့သည့် မကွေးတိုင်းဒေသကြီး ခရီးစဉ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့်စပ်လျဉ်း၍ “အပူရှိန်လျှော့ချ ရေးနှင့် ရာသီဥတုကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရန်မှာ သစ်ပင်စိုက်ပျိုးခြင်းပင်ဖြစ်ပြီး ကျေးရွာတစ်ရွာချင်းစီအလိုက် သစ်တောသစ်ပင် အနည်းဆုံးနှစ်ဧက စိုက်ပျိုးခြင်းများကို ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အိမ်ဝင်း၊ လမ်းဘေးများတွင်လည်း စိုက်ရန်လိုကြောင်း၊ မြို့၊ ရွာများအလိုက် သစ်တော၊ သစ်ပင်စိုက်ပျိုးရန် မြေနေရာများကို စိစစ်ဖော်ထုတ်ရန်လိုကြောင်း” မှာကြားခဲ့ပြီး ချောက်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံရာတွင်လည်း “နိုင်ငံတော်အစိုးရအနေဖြင့် ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ချောက်မြို့နယ်နှင့် ကားလမ်းဘေးဝဲယာများတစ်လျှောက် သစ်ပင် သစ်တောများစိုက်ပျိုးနိုင်ရေး နိုင်ငံတော်မှလည်း အထူးအစီအစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ ဒေသခံများအနေဖြင့် မိမိတို့၏အိမ်ခြံဝင်းအတွင်းနှင့် ပတ်ဝန်းကျင်များတွင်လည်း သစ်ပင်များ စိုက်ပျိုးရန်လိုကြောင်း” ဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါ လမ်းညွှန်ချက်များအရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆက်စပ်ဌာနများတို့နှင့်ပူးပေါင်း၍ မိတ္ထီလာ - ကျောက်ပန်းတောင်း - ညောင်ဦးလမ်းနှင့် ကျောက်ပန်းတောင်း - ချောက် - မကွေးလမ်းတို့၏ လမ်းမကြီးဝဲယာတွင် ကြီးမြန်သစ်ပင်များစိုက်ပျိုးရေး၊ အပူပိုင်းဒေသ ခရိုင် ၁၃ ခုတွင် ကျေးရွာတစ်ရွာလျှင် အနည်းဆုံးသစ်တောနှစ်ဧကစိုက်ခင်းများ တည်ထောင်ရေးတို့ကို အကောင်အထည်ဖော်လျက်ရှိသည်။ ယခုနှစ်မိုးရာသီတွင် စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးတို့အတွင်းရှိ ကျေးရွာပေါင်း ၈၀၉ ရွာတွင် ကျေးရွာထင်းစိုက်ခင်းနှင့် ဘက်စုံသုံးစိုက်ခင်း ၃၅၅၁ ဧက၊ အပင် ၂ ဒသမ ၁ သန်းကျော် စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ရာ ၉၇ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်းနှင့် လမ်းဘေးဝဲယာကြီးမြန်သစ်ပင် ၄၀၀၀၀ ကျော် စိုက်ပျိုးရန်လျာထားဆောင်ရွက်ခဲ့ရာ ၉၂ ရာခိုင်နှုန်းပြီးစီးနေပြီး ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
အာဆီယံနိုင်ငံများအတွင်း မြန်မာနိုင်ငံသည် သစ်တောဧရိယာ ဒုတိယအများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်ပြီး အက်ဖ်အေအို၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာအရ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိသည်။ နိုင်ငံအတွင်း သစ်တောပြုန်းတီးမှုနှုန်းလျော့နည်းအောင် ထိန်းသိမ်းမှုများမှာ အလားအလာကောင်းများကို တွေ့ရှိလာရပြီဖြစ်ရာ အရှိန်အဟုန်မပျက် ဆက်လက်ထိန်းသိမ်းသွားရမည်ဖြစ်သည်။ မိမိတို့နိုင်ငံသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များကြောင့် ထိခိုက်နိုင်ခြေမြင့်မားသည့် နိုင်ငံများတွင်ပါဝင်လျက်ရှိရာ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအတွက် သစ်ပင်စိုက်ပျိုးမှုများကို မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်သည်။ မိမိတို့နေထိုင်ရာ မြို့ရွာများတွင် သစ်ပင်သစ်တောများ စိုက်ပျိုးတည်ထောင်ခြင်းသည် မိမိတို့နှင့်တကွ နောင်မျိုးဆက်များ၏ ကောင်းရာကောင်းကျိုးဖြစ်သည်ကို သိနားလည်စွာဖြင့် လူတိုင်း၊ အိမ်တိုင်း၊ မိသားစုတိုင်း ပူးပေါင်းပါဝင်ကြရပါမည့်အကြောင်း။ ။