ခရစ်တော်မပေါ်မီ ၅၈၉ ခုနှစ်တွင် မြတ်စွာဘုရားပွင့်တော်မူခဲ့သည်။ မြတ်စွာဘုရားရှင် ပွင့်တော်မူသည့်ကာလမှစ၍ (၄၅) ဝါကာလပတ်လုံး သတ္တဝါတို့၏အကျိုးစီးပွားအတွက် လုံ့လဝီရိယကြီးစွာဖြင့် သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတို့ကို မနေမနားဟောကြားတော်မူခဲ့သည်။ မြတ်စွာဘုရားရှင်က “ချစ်သားအာနန္ဒာ ငါဘုရား ဟောကြားထားသော ဓမ္မဝိနယခေါ် သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်သည် ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသည့်အခါ သင်တို့၏ဆရာဖြစ်သည်”ဟု မှာကြားတော်မူခဲ့သည်။
ထိုမှာကြားချက်အရ ဓမ္မဝိနယခေါ်သည့် သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များ ထင်ရှားစွာရှိနေသမျှ ကာလပတ်လုံး မြတ်စွာဘုရား သက်တော်ထင်ရှား ရှိနေသည်မည်၏။ သာသနာဟူသည်မှာလည်း ဤ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်ပင်ဖြစ်သည်။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ ရှိနေသမျှကာလပတ်လုံး မြတ်စွာဘုရားလည်းရှိနေပြီး သာသနာတော်လည်း တည်ရှိနေမည်ဖြစ်သည်။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များ ကွယ်ပျောက်ပါက မြတ်စွာဘုရားလည်း ကွယ်ပျောက်ပြီး တရားတော်လည်း ပျောက်ကွယ်မည်ဖြစ်သည်။ သာသနာကွယ်ပျောက်ခြင်းသည် လောကတစ်ခုလုံး အမှောင်အတိဖုံးလွှမ်းခြင်းပင်ဖြစ်သည်။
သို့ဖြစ်၍ မြတ်စွာဘုရားရှင်၏ တပည့်သားကောင်း ရဟန်းသံဃာတော်အဆက်ဆက်သည် ဓမ္မဝိနယခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များ မညစ်နွမ်းမကွယ်ပျောက်ရန် ကြိုးစားစောင့်ရှောက်လျက်ရှိသည်။ ရှင်မဟာကဿပအစရှိသော သာသနာတော်စောင့် မထေရ်ကြီးတို့သည် သာသနာသမိုင်းတစ်လျှောက်တွင် ပိဋကသုံးပုံဟူသော နှုတ်ကပါဌ်တော်များကို မြတ်စွာဘုရားဟောကြားတော်မူသည့်အတိုင်း အပိုအလိုအဖြည့်အစွက်မရှိ (၆) ကြိမ်တိုင်တိုင် သင်္ဂါယနာတင်၍ အတည်ပြုတော်မူခဲ့သည်။ မထေရ်ကြီးအဆက်ဆက်တို့ သင်္ဂါယနာတင်ခဲ့သော ပိဋကသုံးသွယ် နိကာယ်ငါးရပ်ကို ထေရဝါဒဗုဒ္ဓသာသနာဟု ခေါ်တွင်သည်။
ယခုအခါ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရန်အလို့ငှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးကိုဖွဲ့စည်း၍ သာသနာပြုလုပ်ငန်း အရပ်ရပ်ကို ဆရာ-ဒကာ လက်တွဲညီလျက် ဆက်လက်လုပ်ဆောင်တော်မူသည်။ အထူးသဖြင့် ပိဋကတ်တော်များကို အင်္ဂလိပ်ဘာသာသို့ပြန်ဆိုခြင်း၊ အရှည်တည်တံ့မပျက်စီးအောင် ပုံနှိပ်အက္ခရာများကို ကွန်ပျူတာအက္ခရာများအဖြစ် ပြောင်းလဲခြင်း၊ သာသနာ့အာဇာနည်များ ပေါ်ထွန်းလာရန်အတွက် ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများ တည်ထောင်ဖွင့်လှစ်ခြင်း၊ ပြည်တွင်း ပြည်ပ၊ ပြည်နယ်ပြည်မ သာသနာပြုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွား၍ အမျိုးဘာသာသာသနာ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ မြန်မာနိုင်ငံတွင် ဘုရားရှင်ဟောကြားတော်မူခဲ့သော စစ်မှန်သည့်ပရိယတ္တိစာပေများရှိပြီးဖြစ်သည်။ သို့ရာတွင် ပရိယတ္တိစာပေများကို ပို့ချမည့်သူများနှင့် သင်ယူမည့်သူများရှိပါမှ ပရိယတ္တိစာပေသည် အရှည်တည်တံ့ခိုင်မြဲမည်ဖြစ်သည်။ ထို့ကြောင့် ရဟန်းသံဃာများ ပရိယတ္တိစာပေကို မပူမပင်ကြောင့်ကြမဲ့ အားထုတ်နိုင်ရန် ဆွမ်း၊ သင်္ကန်းစသည့် ပစ္စည်းလေးပါးများ ပြည့်စုံလုံလောက်စွာ ထောက်ပံ့ပေးနိုင်ရန်လိုအပ်သည်။ ထို့ကြောင့် ပရိယတ္တိစာပေကို မပူမပင်ကြောင့်ကြမဲ့ အချိန်ပြည့်အားထုတ်နိုင်ရန် လိုအပ်သည့် ပစ္စည်းလေးပါး အထောက်အပံ့တို့ကို ဥပါသကာ၊ ဥပါသိကာများက စေတနာသဒ္ဓါတရားကို လက်ကိုင်ထား၍ ကြိုးစားဆောင်ရွက်သင့်လှသည်။ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုသည့်အတိုင်း ပရိယတ္တိစာသင်သားများအား ပစ္စယာနုဂ္ဂဟဖြင့် ပူဇော်မှုပြုပါက ရဟန်းတို့က တစ်ဖန်ပြန်၍ ဓမ္မာနုဂ္ဂဟဖြင့် ချီးမြှောက်မှုပြုပေလိမ့်မည်။ ရဟန်းတော်များ သွန်သင်ဆုံးမဟောပြသည့်အတိုင်း မှတ်သားလိုက်နာကျင့်သုံးလျှင် လောကကောင်းကျိုးများ ဖြစ်ထွန်းလာပါလိမ့်မည်။
ယခုအခါ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းမြို့တို့ရှိ သာသနာ့တက္ကသိုလ်ကြီးများနှင့် နေပြည်တော်၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ ပရိယတ္တိစာသင်တိုက်ကြီးများမှ စာချ၊ စာသင် ရဟန်းတော်များ အသုံးပြုလျက်ရှိသည့် ပိဋကသုံးပုံ ပါဠိတော်အဖွင့် အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်ကို ဆဋ္ဌမမူအတိုင်း စာမျက်နှာ၊ စာသားနှင့် စာလုံးရေပြောင်းလဲမှုမရှိဘဲ စာလုံးအနေအထားသပ်ရပ်မှုရှိသည့် ကွန်ပျူတာစာမူစနစ်ဖြင့် ကျမ်းစာအုပ်တစ်မျိုးလျှင် အုပ်ရေ ၁၀၀၀ စီ ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ မြတ်စွာဘုရားရှင်၏ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး မပျောက်မပျက် အရှည်တည်တံ့ထွန်းကားပြန့်ပွားစေရန်အတွက် ကြိုးပမ်းအားထုတ်တော်မူ လျက်ရှိသော မြန်မာနိုင်ငံတစ်ဝန်းရှိ ပရိယတ္တိတက္ကသိုလ်၊ ပရိယတ္တိစာသင်တိုက်များမှ စာချ၊ စာသင်ရဟန်းသံဃာတော်များ ပညာပါရမီဖြည့်ဆည်းပေးနိုင်ရန်ရည်မှန်း၍ မြတ်စွာဘုရားရှင်ဟောကြားထားသော ပိဋကတ်တော်များကို တတ်နိုင်သမျှလှူဒါန်းနိုင်ပါကြောင်း။ ။