Skip to main content

နိုင်ငံအနာဂတ်အတွက် ပညာရေးကိုမြှင့်တင်

“နိုင်ငံတော်၏ အနာဂတ်ကို တည်ဆောက်ဖော်ဆောင်ရာတွင် ပညာရေးကို ရေရှည်မြင့်မားအောင် မြှင့်တင်ဆောင်ရွက်နိုင်ခြင်းကသာ အကောင်းမွန်ဆုံး၊ အမှန်ကန်ဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်ဟု ယုံကြည်ကြောင်း၊ အသိပညာနှင့် အတတ်ပညာ ဟန်ချက်မျှတစွာ စွမ်းရည်မြင့်မားမှုမရှိပါက နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်နယ်ပယ်အသီးသီး၌ အားနည်းချက်များ ဖြစ်ပေါ်စေမည်ဖြစ်ပြီး တိုင်းပြည်စည်းလုံးညီညွတ်ရေးအပေါ်ကိုလည်း မလွဲမသွေသက်ရောက်စေနိုင်ကြောင်း၊ ထို့ကြောင့် နိုင်ငံအနာဂတ်ကောင်းမွန်ရေးအတွက် ရည်ရွယ်ဆောင်ရွက်နေသည့် ပညာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်မှုလုပ်ငန်းများကို အားလုံးက သိရှိနားလည်ပြီး ပူးပေါင်းဆောင်ရွက်ကြရန်” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင် ၂၄ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်ကို စတင်ယူသည့် အချိန်မှစ၍ ပညာရည်မြှင့်တင်ရေးအဖြစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေးနှင့် KG+9အထိ မဖြစ်မနေ ပညာသင်ကြားရေးကို မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် KG+9 တက်ရောက်အောင်မြင်သူများအနေဖြင့်လည်း စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ပညာရပ်များကို သင်ယူလေ့ကျင့်ခွင့်ရရှိရန်အတွက် ခရိုင် ၈၄ ခုတွင် အထက်တန်းကျောင်း ၈၅ ကျောင်းကို ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါကျောင်းများတွင် တက်ရောက်ပညာသင်ကြား အောင်မြင်သူများကိုလည်း မိမိတို့ရရှိထားသည့် သတ်မှတ်အရည်အချင်းပေါ်မူတည်၍ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အဆင့်မြင့်ပညာရပ်များကို ဆက်လက်ကူးပြောင်းသင်ကြားနိုင်ရေးအတွက်လည်း ကြိုတင်စီမံဆောင်ရွက်ထားပြီးဖြစ်သည်။

မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို ဘက်စုံပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်လျက်ရှိရာတွင် ပညာတတ်မြောက်ရေး၊ ထူးချွန်ထက်မြက်ရေးအပြင် စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ ခိုင်ကျည်မြဲမြံအားကောင်းသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာအောင် မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ ပညာရေးသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့်အပြင် နိုင်ငံ့သားကောင်းတစ်ယောက်တွင် ရှိသင့်သည့် ကျင့်ဝတ်၊ စည်းကမ်းလိုက်နာမှု၊ စုပေါင်းဆောင်ရွက်တတ်မှု စသည့် စိတ်နေစိတ်ထား အခြေခံကောင်းများ လေ့ကျင့်ပုံဖော်ပေးသည့် နယ်ပယ်ရပ်ဝန်းတစ်ခုဖြစ်သည်။ အခြေခံကောင်းများရရှိပြီး အဆင့်မြင့်ပညာများ တတ်ကျွမ်းသော အရည်အချင်းပြည့်မီသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းလာမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတည်ဆောက်ရေးတို့တွင် ကောင်းမွန်သည့် အထောက်အပံ့ကောင်းများရရှိလာမည်ဖြစ်သည်။

ယနေ့မြန်မာနိုင်ငံ၏ ပညာရပ်ဝန်းအခင်းအကျင်းကို သုံးသပ်ကြည့်လျှင် အကြောင်းအမျိုးမျိုးကြောင့် ပညာတတ်သူများ နည်းပါးလျက်ရှိသည်။ ပညာတတ်သူများကို သုံးသပ်ကြည့်လျှင် နိုင်ငံနှင့် လူမျိုးအပေါ်တွင် မှန်ကန်စွာထားရှိ ရမည့် စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားများ လိုအပ်လျက်ရှိသည်။ အသိပညာ၊ အတတ်ပညာနှင့် ကိုယ်ကျင့်တရားများ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်မှု လိုအပ်နေသဖြင့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်နယ်ပယ်အသီးသီး၌ အားနည်းချက်များ ဖြစ်ပေါ်စေပြီး တိုင်းပြည်နှင့် လူထုစည်းလုံးညီညွတ်မှုအပေါ်တွင် ထိခိုက်မှုများဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ပညာအခြေခံအားနည်းသောကြောင့်လည်းကောင်း၊ ပညာတတ်သော်လည်း ပယောဂအမျိုးမျိုး လွှမ်းမိုးဖုံးအုပ်မှုကြောင့်လည်းကောင်း အတွေးအမြင်ခံယူချက်လွဲမှားမှု၊ အမှားအမှန်၊ အကောင်းအဆိုးမခွဲခြားနိုင်မှု၊ နိုင်ငံသားအချင်းချင်း စိတ်ဝမ်းကွဲပြားမှုများဖြစ်ပေါ်လာပြီး တိုင်းပြည်နှင့် လူမျိုးပျက်စီး စေမည့်အမှုကိစ္စများစွာ ဖြစ်ပေါ်လာသည်ကို တွေ့ရမည်ဖြစ်သည်။

ထို့ကြောင့် ပညာသည် တိုင်းပြည်နှင့် လူမျိုးတိုးတက်ကြီးပွားကောင်းမွန်ရေးအတွက် အရေးအကြီးဆုံးအချက်ဖြစ်နေသည်ကို တွေ့ရသဖြင့် နိုင်ငံတော်အစိုးရက စိတ်ဓာတ်ကောင်းမွန်ပြီး ပညာပြည့်ဝသည့် လူသားအရင်းအမြစ်များဖြစ်ထွန်းလာအောင် ပညာရေးကိုအခြေခံ၍ ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးလျက်ရှိသည်။ ယခုအခါ ပညာပြည့်ဝနှလုံးလှသည့် လူမွန်၊ လူတော်၊ လူကောင်းလေးများ ဖြစ်ထွန်းလာသည်ကို ဝမ်းမြောက်ဖွယ် မြင်တွေ့နေရသည်။ ကုန်လွန်ခဲ့သောကာလများက ပညာရေးကဏ္ဍ၌ အားနည်းချက်အမျိုးမျိုးရှိခဲ့သောကြောင့် လမ်းမှားရောက်သွားကြသော လူငယ်များကို တွေ့မြင်ရသဖြင့် တိုင်းပြည်အတွက်နှင့် ၎င်းတို့ဘဝအတွက် စိတ်မချမ်းမြေ့ဖွယ်များစွာဖြစ်ရသည်။ ယင်းကိုသင်ခန်းစာယူ၍ မိမိတို့မျိုးဆက်သစ်များဘဝ၊ နိုင်ငံတော်၏ အနာဂတ်ဘဝအတွက် ဝိုင်းဝန်းပြုပြင် မြေတောင်မြှောက်ပေးကြရမည်ဖြစ်သည်။

ပညာရေးနှင့် မျိုးဆက်သစ်လူငယ်များသည် နိုင်ငံအနာဂတ် အကောင်းအဆိုးအတွက် အဆုံးအဖြတ်ပေးမည့်သူများဖြစ်သည်။ သို့ဖြစ်ရာ အသိပညာ၊ အတတ်ပညာ တတ်မြောက်ကျွမ်းကျင်ပြီး အတွေးအခေါ်ခံယူချက် ထက်မြက်မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါကြွယ်ဝမှသာ အေးချမ်းသာယာဝပြောသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာမည်ဖြစ်၍ အားလုံးဝိုင်းဝန်းလက်တွဲ ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။