နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရယူပြီးသည့်နောက်ပိုင်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးလမ်းကြောင်းကို ဦးတည်ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းလျက်ရှိသော်လည်း အဖျက်သမားသောင်းကျန်းသူများက တိုင်းပြည်ပျက်စီးစေရန် တစိုက်မတ်မတ် ပြုလုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။
NUG/CRPH/PDF အမည်ခံ အကြမ်းဖက်သမားများသည် ပြည်သူများအား အကြောက်တရားလွှမ်းမိုးလာစေရန် အကြမ်းဖက်လုပ်ရပ်များကို ယခုအချိန်အထိ ဥပဒေမဲ့ တရားလက်လွတ်ကျူးလွန်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်း၌ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရဟန်း/သံဃာ ၈၄ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူနှင့် နိုင်ငံ့ဝန်ထမ်း ၇၂၈၄ ဦး သေဆုံးခဲ့ရသည်။ ပညာရေး၊ ကျန်းမာရေးဆိုင်ရာနှင့် လူနေအဆောက်အအုံအပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အခြေခံအဆောက်အအုံ ၁၀၉၃၀ ဖျက်ဆီးခြင်းခံခဲ့ရသည်။
ထို့အပြင် ငြိမ်းချမ်းရေးကိုမလိုလားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အနေဖြင့် လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကိုရွေးချယ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှုပျက်ယွင်းအောင် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။ EAO အဖွဲ့များသည် ဒို့တာဝန်အရေးသုံးပါးကို လက်ခံသဘောတူကြောင်း ပြောကြားခဲ့သော်လည်း အချို့ EAO အဖွဲ့တို့အနေဖြင့် ဒို့တာဝန်အရေးသုံးပါးအား ချိုးဖောက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် MNDAA အဖွဲ့နှင့် TNLA အဖွဲ့တို့သည် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက်သဘောတူထားသည့် ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ပြီး တိုက်ပွဲများ ဖော်ဆောင်လာသည်ကို တွေ့ရမည်ဖြစ်သည်။
အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများသည် လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်ဒေသတို့တွင် နယ်မြေလုံခြုံရေးစခန်းများနှင့် အချို့မြို့အတွင်းသို့ တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ ယင်းသို့အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသမတည်မငြိမ်ဖြစ်ခဲ့ရပြီး ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများနှင့် နေအိမ်အဆောက်အအုံများသာမက အသက်အန္တရာယ်များပါ ထိခိုက်ဆုံးရှုံးပျက်စီးခဲ့သည်ကို စိတ်မကောင်းဖွယ် တွေ့မြင်ကြားသိကြရမည်ဖြစ်သည်။
“တပ်မတော်သည် ပြည်သူလူထုမှ ပေါက်ဖွားလာသော ပြည်သူ့တပ်မတော်ဖြစ်ပြီး နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်၊ နိုင်ငံတော်ကိုကာကွယ်ရန် အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ပြည်သူ့အတွက်၊ နိုင်ငံတော်အတွက် ဦးထိပ်ထားဆောင်ရွက်ခြင်းသည် တရားသောစစ်ကို ဆင်နွှဲနေခြင်းဖြစ်ကြောင်း၊ တပ်မတော်၏ တရားသောစစ်ဆင်နွှဲနေသည့်အပေါ်တွင် ဝန်းရံထောက်ခံအားပေးနေသည့် မျိုးချစ်လူငယ်များ၊ အဖွဲ့အစည်းများ၊ စစ်မှုထမ်းဟောင်းများနှင့် တိုင်းရင်းသားပြည်သူလူထုအပေါ် ဂုဏ်ယူပါကြောင်း ပြောကြားလိုကြောင်း၊ အမိနိုင်ငံတော်အပေါ် ရည်ရွယ်ချက်ရှိရှိ ထိခိုက်အောင် ဆောင်ရွက်လာသည့် သောင်းကျန်းသူအဖျက်သမားများအပေါ် ပြင်းပြသည့်၊ စုစည်းညီညွတ်သည့် အမျိုးသားရေးစိတ်၊ မြန်မာစိတ်တို့မွေးမြူပြီး နိုင်ငံတော်ကို စုပေါင်းကာကွယ်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း” အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၄) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက်ဆွေးနွေးချက်များမှ ရရှိလာသော သဘောထားမှတ်ချက်များကို Union Accord အဖြစ် မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့ပြီး ဆက်လက်၍ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နေချိန်တွင် လက်နက်ကိုင်ပဋိပက္ခများ သက်ဆိုးရှည်ရေးနှင့် မြန်မာနိုင်ငံအပေါ် ၎င်းတို့လိုချင်သည့် လက္ခဏာများရရှိစေရန် ပြည်ပနိုင်ငံအချို့သည် လက်နက်ကိုင်သောင်းကျန်းသူများ၊ နိုင်ငံရေးသဘောကွဲလွဲသူများမှ အကြမ်းဖက်လမ်းစဉ်ဆောင်ရွက်နေကြသည့် အဖွဲ့များကို ငွေကြေးရရှိအောင်၊ နည်းပညာများရရှိအောင်၊ စားရေရိက္ခာနှင့် ဆေးဝါးများရရှိအောင်၊ လက်နက်ခဲယမ်းမီးကျောက်များရရှိအောင်၊ အုပ်ချုပ်ထောက်ပံ့မှု အခွင့်အလမ်းများရရှိအောင် လုပ်ဆောင်လျက်ရှိပြီး တစ်ဖက်တွင်လည်း ပြည်ဖျက်မီဒီယာများက စိတ်ဓာတ်စစ်ဆင်ရေးလုပ်ဆောင်နိုင်အောင် ကူညီပေးလျက်ရှိသည်။
မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီကတည်းက ပြည်ထောင်စုဖွားတိုင်းရင်းသားများ အတူတကွလက်တွဲနေထိုင်လာခဲ့ကြသော ပြည်ထောင်စုနိုင်ငံဖြစ်၍ ပြည်ထောင်စုကြီး မပြိုကွဲမပျက်စီးစေရန်၊ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ မယိုယွင်းမပျက်စီးစေရန် တပ်မတော်သည် တိုင်းရင်းသားပြည်သူများနှင့် အတူလက်တွဲပြီး စုစည်းညီညွတ်သော အမျိုးသားရေးစိတ်၊ မြန်မာစိတ်တို့ဖြင့် နိုင်ငံတော်နှင့် ပြည်သူကို အစွမ်းကုန်ကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ပါကြောင်း။ ။