အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူလူထုပိုမိုသိရှိပြီး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များကို ကျင်းပလျက်ရှိရာ နှစ်စဉ်ဩဂုတ် လ ပထမရက်သတ္တပတ်ကို မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ်ကို ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ တတိယ ရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေး ရက်သတ္တပတ်များအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။
မိမိတို့ အသက်ရှင်သန်တည်တံ့ရေးအတွက် အစားအစာကို မဖြစ်မနေစားကြရာတွင် ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးရေး၊ ဦးနှောက်ဖွံ့ဖြိုးရေးနှင့် နေ့စဉ်လှုပ်ရှားသွားလာမှုများအတွက် အာဟာရ ပြည့်ပြည့်ဝဝရရှိကြရန်လိုသည်။ စားသောက်မှုပုံမမှန်ခြင်း၊ အာဟာရပြည့်ဝစွာရရှိရန် မစားသောက်တတ်ခြင်းကြောင့် အာဟာရချို့တဲ့မှုများဖြစ်ပေါ်ပါက ကျန်းမာရေးကိုပါ ထိခိုက်လာ စေနိုင်သည်။ အဖြစ်များသည့် အာဟာရချို့တဲ့မှုများမှာ သံဓာတ်ချို့တဲ့ခြင်း၊ အိုင်အိုဒင်းဓာတ်ချို့တဲ့ခြင်း၊ ဗီတာမင်ဒီချို့တဲ့ခြင်း၊ ဗီတာမင် B12 ချို့တဲ့ခြင်း၊ ကယ်လ်ဆီယမ်ချို့တဲ့ခြင်း၊ ဗီတာမင်အေချို့တဲ့ခြင်း၊ မဂ္ဂနီဆီယမ်ချို့တဲ့ခြင်း စသည်တို့ဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်မှုပုံစံဖြင့် မှန်မှန်ကန်ကန် စားမည်ဆိုပါက အာဟာရချို့တဲ့မှု ကင်းဝေးမည်ဖြစ်သည်။
ခန္ဓာကိုယ်အတွက် အသွေး၊ အသား၊ အင်အားတို့ကိုဖြစ်စေတတ်သော အာဟာရဓာတ်များမှာ ကစီဓာတ်၊ အဆီဓာတ်၊ အသားဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်ဓာတ်နှင့် ရေဓာတ်ဟူ၍ ခြောက်မျိုးရှိပြီး အစာအုပ်စုအနေဖြင့် ကစီဓာတ်နှင့် အဆီဓာတ်က အင်အားဖြစ်စေသော အစာအုပ်စုတွင် ပါဝင်သည်။ အသားဓာတ်သည် ခန္ဓာကိုယ်ကြီးထွားစေသော အစာအုပ်စုတွင်ပါဝင်ပြီး သတ္တုဓာတ်၊ ဗီတာမင်ဓာတ်နှင့် ရေဓာတ်တို့က ရောဂါကာကွယ်စေသော အစာအုပ်စုတွင်ပါဝင်သည်။ နေ့စဉ် မိမိတို့အစာစားသုံးကြရာတွင် အာဟာရဓာတ်မျှတစွာရရှိစေရန်အတွက် စားသုံးသည့် အကြိမ်တိုင်းတွင် အစာအုပ်စု သုံးစုလုံးပါအောင် စားကြရမည်ဖြစ်သည်။ ထို့အပြင် အိုင်အိုဒင်းပါသည့် ဆားကိုသာသုံးစွဲခြင်း၊ ရေကိုလုံလောက်စွာသောက်ခြင်း၊ အသင့်စားအစာများထက် သန့်ရှင်းလတ်ဆတ်ပြီး အန္တရာယ်ကင်းသည့် သဘာဝအစာများကို ရွေးချယ်စားသုံးခြင်း၊ အဆီ၊ အငန်၊ အချိုကဲသောအစာများ၊ အချိုရည်များကို ဆင်ခြင်၍ စားသုံးခြင်းတို့ကိုလည်း ကျင့်သုံးဆောင်ရွက်ကြရန်လိုသည်။
အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ အာဟာရပြည့်ဝသည့်အစာကို ပို၍စားသုံးရန်လိုသည်။ ရပ်ထဲရွာထဲပြောစကားများအရ အစာရှောင်ခြင်းသည် မိခင်ကို ထိခိုက်စေသကဲ့သို့ ကလေးကိုလည်း သူငယ်နာရောဂါမျိုး ဖြစ်စေနိုင်သည်။ ကလေးကို မွေးစမှ အသက်ခြောက်လအထိ မိခင်နို့တိုက်ကျွေးရန်၊ အသက်ခြောက်လမှစ၍ အာဟာရပြည့်သည့် ဖြည့်စွက်စာအမျိုးမျိုးကို အရွယ်အလိုက်ကျွေးရင်း မိခင်နို့ကို ကလေးနှစ်နှစ်အရွယ်အထိ တိုက်ကျွေးရန် ကျန်းမာရေးပညာရှင်များက အကြံပေးထားသည်။ ကလေးများနှင့် ပျိုဖော်ဝင်အရွယ် များတွင် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသည့် အစာများပို၍ကျွေးရန် လိုအပ်ပြီး သက်ကြီးဘိုးဘွားတို့မှာ အာဟာရဓာတ်ကြွယ်ဝသည့် အစာများကိုသာ ရွေးချယ်စားသုံးကြရန်လည်း ပညာရှင်တို့က လမ်းညွှန်ထားသည်။
ပြည်သူများအတွင်း အသက်အရွယ်၊ ကျား မ အလိုက် အာဟာရဖွံ့ဖြိုးရေးဆောင်ရွက်ခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဆက်တစ်စပ်တည်းပင်ဖြစ်သည်။ ပြည်သူတစ်ရပ်လုံး ကျန်းမာခြင်းသည် နိုင်ငံတည်ဆောက်ရေးအတွက် ကျန်းမာကြံ့ခိုင်သော လူသားအရင်းအမြစ်ကို ဖွံ့ဖြိုးစေပြီး နိုင်ငံအတွက် ကျန်းမာရေးဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်မည်ဖြစ်ပါကြောင်း။ ။