နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် လူမှုရေးဦးတည်ချက်၌ “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး”ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာပါမှ မိမိအကျိုး၊ နိုင်ငံအကျိုးကို အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
တစ်မျိုးသားလုံးသက်ရှည်ကျန်းမာရေးအတွက် ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများကို ကာကွယ်နိုင်ရန် ပြည်သူအားလုံးကို ကာကွယ်ဆေးများ အခမဲ့လွှမ်းခြုံထိုးနှံပေးလျက်ရှိသည်။ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာစေရေးနှင့် ပတ်သက်၍ မိခင်နှင့်ကလေးသူငယ်များကို ကျန်းမာရေးဦးစားပေးဆောင်ရွက်ပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော လူသားအရင်းအမြစ်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာမည်ဖြစ်သည်။ ကူးစက်တတ်သော ရောဂါများ၊ မကူးစက်တတ်သောရောဂါများကို မဖြစ်ပွားမီက ကြိုတင်ကာကွယ်တားဆီးပေးခြင်းဖြင့် ကျန်းမာသောဘဝများကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
အဓိကကျသော မိခင်နှင့်ကလေးငယ်များ ကိုယ်ခံအားကောင်းမွန်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခြင်းဖြင့် တစ်မျိုးသားလုံးသက်ရှည်ကျန်းမာမှုကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ မိခင်နှင့်ကလေးများ ကျန်းမာရေးအတွက် အာဟာရဖွံ့ဖြိုးရေးသည် အရေးကြီးသည်။ ယခုဩဂုတ်လသည် ကျန်းမာရေးဝန်ကြီးဌာနက နှစ်စဉ်ဆောင်ရွက်ပေးသည့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များဖြစ်သည်။ ဩဂုတ်လပထမပတ်သည် မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်ဖြစ်သည်။ ကျန်းမာကြံ့ခိုင်သော လူသားများဖြစ်လာရေးအတွက် မိခင်နို့သည် များစွာအထောက်အကူပြုသည်။
ဩဂုတ်လ ဒုတိယပတ်သည် ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်ဖြစ်သည်။ မွေးဖွားစကလေးငယ်များအား မိခင်နို့ချိုကို စနစ်တကျတိုက်ကျွေးပြီးနောက် ငါးနှစ်အောက်ကလေးငယ်များနှင့် ငယ်ရွယ်သူ ကျောင်းသားလူငယ်များ အာဟာရပြည့်ဝရေးသည် အရေးကြီးသည်။ ကလေးငယ်များသည် အပင်ပေါက်လေးများကဲ့သို့ ဖွံ့ဖြိုးမှုအရှိန်မြန်ဆန်နေသောအရွယ်ဖြစ်သည်။ ထိုအရွယ်တွင် အာဟာရဓာတ်စုံလင်ကြွယ်ဝစွာဖြင့် ကျွေးမွေးမှသာ ကျန်းမာကြံ့ခိုင်ပြီး ကြီးထွားမှုမြန်ဆန်သူများဖြစ်လာမည်။ ထို့အပြင် အာဟာရ ဓာတ်ပြည့်စုံကြွယ်ဝမှ ဉာဏ်ရည်ဉာဏ်သွေးလည်း ကောင်းမွန်လာမည်ဖြစ်သည်။
ဩဂုတ်လတတိယပတ်သည် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်ဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင်လောင်းများ အာဟာရဓာတ်ကြွယ်ဝသော အစားအစာများကို စားသုံးပေးပါမှ ကျန်းမာသန်စွမ်းသော ကလေးငယ်များကို မွေးဖွားပေးနိုင်မည်ဖြစ်သည်။ နို့တိုက်မိခင်များလည်း အာဟာရဓာတ်များကို ကြွယ်ဝစွာစားသုံးပေးပါမှ နို့စို့ကလေးငယ်များ ရောဂါဘယကင်းစင်ပြီး ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးမည်ဖြစ်သည်။ ဩဂုတ်လစတုတ္ထပတ်သည် အိုင်အိုဒင်းချို့တဲ့ ရောဂါများပပျောက်ရေးရက်သတ္တပတ်ဖြစ်သည်။ အိုင်အိုဒင်းဓာတ်သည် ကိုယ်ဝန် ဆောင်မိခင်များနှင့် ကလေးငယ်များအတွက် အရေးပါသည့်ဓာတ်တစ်မျိုးဖြစ်သည်။
အိုင်အိုဒင်းချို့တဲ့မှုကြောင့် ကမ္ဘာပေါ်ရှိ ငါးနှစ်အောက်ကလေးငယ်များတွင် ဦးနှောက်ချို့တဲ့မှု ရောဂါလက္ခဏာများနှင့် ကြုံတွေ့နေရသည်။ ဉာဏ်ရည်နိမ့်ကျသော၊ ဦးနှောက်ကျပ်မပြည့်သည့် ကလေးသူငယ်များကို တွေ့ဖူးကြမည်ဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အိုင်အိုဒင်းဓာတ်ချို့တဲ့ပါက သားပျက်၊ သားလျှော အခြေအနေများနှင့် ကြုံတွေ့နိုင်သည်။ မိခင်လောင်းများသည် ကလေးပဋိသန္ဓေရှိချိန်မှစ၍ အိုင်အိုဒင်းဆားကို သင့်တင့်မျှတစွာ စားသုံးရန်လိုအပ်သည်။ အိုင်အိုဒင်းဆားမှီဝဲခြင်းသည် မိခင်သာမက ရင်သွေးငယ်အတွက်ပါ အာဟာရဖွံ့ဖြိုးစေမည်ဖြစ်သည်။ သို့သော် ကျန်းမာရေးအသိပညာ အားနည်းသောကြောင့် အဆိုပါအချက်ကို မေ့လျော့နေကြပြီး မိခင်နှင့်ကလေးကျန်းမာရေးကို ထိခိုက်စေသည်။
အိုင်အိုဒင်းဆားသည် နေအိမ်များတွင်စားနေကျ အိမ်သုံးဆားနှင့်မတူဘဲ အိုင်အိုဒင်းဓာတ်ဖြည့်စွက်ထားသော ဆားတစ်မျိုးဖြစ်သည်။ သက်စောင့်ဓာတ် သို့မဟုတ် သတ္တုဓာတ်တစ်မျိုးဖြစ်သည်။ ခန္ဓာကိုယ်အတွက် လိုအပ်သော အိုင်အိုဒင်း ၇၅ ရာခိုင်နှုန်းကို သိုင်းရွိုက်ဂလင်းတွင် သိုလှောင်ထားလေ့ရှိသဖြင့် သိုင်းရွိုက်ဂလင်းနှင့် သိုင်းရွိုက်ဆဲလ်များ ဖြစ်တည်မှုအတွက် လွန်စွာအသုံးဝင်သည်။ ကမ္ဘာပေါ်တွင် အိုင်အိုဒင်းချို့တဲ့သူပေါင်း သန်း ၂၀၀၀ ခန့်ရှိပြီး နေ့စဉ်အရွယ်ရောက်ပြီးသူအတွက် ၁၅၀ မိုက်ကရိုဂရမ်လိုပြီး ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအတွက် နေ့စဉ် ၂၂၀ မှ ၂၉၀ မိုက်ကရိုဂရမ်လိုအပ်သည်။ ကလေးငယ်များ ပုံမှန်ကြီးထွားရေး၊ ဉာဏ်ရည်ထက်မြက်ရေးနှင့်အရွယ်ရောက်သူအားလုံး ကျန်းမာရေးအတွက် အိုင်အိုဒင်းဆားကို မျှတစွာစားသုံးသင့်သည်။
သို့ဖြစ်ရာ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာရေးအတွက် ယခုဩဂုတ်လတွင် ကျန်းမာရေးဝန်ကြီးဌာနက လှုပ်ရှားဆောင်ရွက်နေသော အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအတိုင်း ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ငါးနှစ်အောက်ကလေးငယ်များနှင့် ကျောင်းသားလူငယ်များသာမက ပြည်သူအားလုံးကျန်းမာရေးအတွက် မှီဝဲသုံးစွဲရမည့်အာဟာရများကို အပြည့်အဝတိုက်ကျွေးစားသုံးကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါကြောင်း။ ။