Skip to main content

လူမဆန်သည့်အကြမ်းဖက်တိုက်ခိုက်မှု ဝိုင်းဝန်းဆန့်ကျင်ရှုတ်ချ

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် MNDAA အဖွဲ့နှင့် TNLA အဖွဲ့တို့က ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက်သဘောတူထားသည့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး တိုက်ပွဲများ ဖော်ဆောင်လာခဲ့သည်။ MNDAA အဖွဲ့သည် လားရှိုးဒေသတစ်ဝိုက်ရှိ နယ်မြေလုံခြုံရေးစခန်းများကို တိုက်ခိုက်သကဲ့သို့ လားရှိုးမြို့တွင်းသို့လည်း ရှော့တိုက်ဒုံးများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်ခဲ့ကာ လားရှိုးမြို့တွင်းသို့ စိမ့်ဝင်ပြီး ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ဖျက်ဆီးလျက်ရှိသည်။

ထို့အပြင် TNLA အဖွဲ့သည် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့်ပူးပေါင်းပြီး နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်ဒေသအတွင်းရှိ နယ်မြေလုံခြုံရေးစခန်းများနှင့် မြို့အချို့ကို တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ ယင်းသို့တိုက်ခိုက်လာမှုများကြောင့် ဒေသမတည်မငြိမ်ဖြစ်ခဲ့ရပြီး ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများသာမက အသက်အန္တရာယ်များပါ ထိခိုက်ဆုံးရှုံးမှုများရှိခဲ့သည်။ အကြောင်းအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးပြပြီး အေးချမ်းစွာ နေထိုင်ကြသည့် အပြစ်မဲ့ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်ဖျက်ဆီးနေသဖြင့် ပြည်သူလူထုက စက်ဆုပ်ရွံရှာနေကြသည်။

MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် လားရှိုးမြို့အတွင်း တိုက်ပွဲများ ဖော်ဆောင်ပြီး စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် ဘာသာရေးအဆောက်အအုံများ၊ လူနေအဆောက်အအုံများကို ဖျက်ဆီးခဲ့သည့်အပြင် တပ်မတော်ဆေးရုံအား ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကိုလည်း မတရားဖမ်းဆီးခေါ်ဆောင်သွားကြောင်း စိတ်မကောင်းဖွယ် ကြားသိခဲ့ရသည်။ ထို့အပြင် အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများရှိပြီး ကျန်ရှိသည့်ပြည်သူများမှာ နေရပ်များမှ စွန့်ခွာနေကြရသည်။

ကမ္ဘာပေါ်တွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့သော နိုင်ငံများရှိ စစ်ဘေးဒဏ်ခံရသည့် ပြည်သူများအား လူသားချင်းစာနာမှုဖြင့် ဝိုင်းဝန်းကူညီပေးကြသည်။ စစ်ရေးနှင့်မသက်ဆိုင်သော ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ စာသင်ကျောင်းများနှင့် အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကို ကုလသမဂ္ဂအပါအဝင် နိုင်ငံများနှင့် အဖွဲ့အစည်းများက ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သည့် ဆေးရုံနှင့် အပြစ်မဲ့ပြည်သူများ၊ လူနာများအား ရက်စက်ယုတ်မာစွာ တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချရမည်ဖြစ်သည်။

MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ လုပ်ရပ်များသည် နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး ရောမဥပဒေအရ စစ်ပွဲအတွင်း လူများကို ဆန္ဒအလျောက် သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ စစ်ရေးအရလိုအပ်ခြင်းမရှိဘဲ ပိုင်ဆိုင်မှုပစ္စည်းများကို ဖျက်ဆီးခြင်း၊ အရပ်သားများကို တိုက်ခိုက်ခြင်း၊ အကာအကွယ်မရှိသော၊ စစ်ရေးစစ်ရာအနေနှင့် တိုက်ခိုက်သိမ်းပိုက်ရန် ရည်ရွယ်မထားသော မြို့များ၊ ရွာများ၊ နေအိမ်များကို မည်သည့်နည်းနှင့်မဆို တိုက်ခိုက်ခြင်းစသည်တို့ကို ကျူးလွန်ခြင်းဖြစ်၍ စစ်ရာဇဝတ်မှု (War Crime) မြောက်သည့် လူမဆန်စွာ ရက်စက်ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်လုပ်ရပ်များဖြစ်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံကို ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ စစ်ရာဇဝတ်မှုမြောက်သည့် လူမဆန်စွာ ရက်စက်ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ မည်သို့မျှ လက်ခံနိုင်ဖွယ်ရာမရှိသည့်အတွက် မြန်မာနိုင်ငံအတွင်းရှိ အဖွဲ့အစည်းအသီးသီးက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများ ထုတ်ပြန်လာကြပြီး တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကလည်း ဆက်လက်ပါဝင်ကန့်ကွက်ပြီး နိုင်ငံတော်နှင့် ပြည်သူအတွက် ရပ်တည်ပေးကြရမည်ဖြစ်သည်။

အဆိုပါအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြည်ထောင်စုကြီးအတွင်း နေထိုင်ပြီး ငြိမ်းချမ်းရေးကိုမလိုလားဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို အခြေခံကာ နိုင်ငံတည်ငြိမ်အေးချမ်းမှုပျက်ယွင်းအောင် နည်းလမ်းမျိုးစုံ ပြုလုပ်နေသည်။ နယ်မြေချဲ့ထွင်ရေး၊ စစ်ဘုရင်ဝါဒအာဏာထူထောင်ရေးကို ပြုလုပ်ပြီး အေးချမ်းစွာနေထိုင်ကြသည့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ဖျက်ဆီးနေကြသူများဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစုပေါင်း တစ်ရာကျော် စုစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်ပြီး နှစ်ပေါင်းထောင်ချီ အေးအတူပူအမျှ အတူလက်တွဲနေထိုင်ခဲ့ကြသည်။ ယခုအခါ ပြည်ထောင်စုစိတ်ဓာတ်မရှိသည့် MNDAA ၊ TNLA နှင့် PDF တို့သည် မြို့ရွာများကို ဖျက်ဆီးပြီး ဒေသခံပြည်သူလူထုအား လူမဆန်စွာ နှိပ်စက်ဖျက်ဆီးမှုများပြုလုပ်လျက်ရှိရာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်ရှုတ်ချကြရမည်ဖြစ်ပါကြောင်း။