မိတ်ဆွေကောင်းဟူသည် ဒုက္ခအခက်အခဲ ကြုံတွေ့နေချိန်တွင် ရှောင်ဖယ်မသွားဘဲ စိတ်ရောကိုယ်ပါ တတ်နိုင်သမျှကူညီပေးသူဖြစ်သည်။ အိမ်နီးချင်းကောင်းဟူသည် အိမ်နီးနားချင်းအချင်းချင်း အကြောင်းကိစ္စကြီးငယ်ရှိပါက မျက်နှာလွှဲဥပေက္ခာမပြုဘဲ တတ်နိုင်သမျှ ဖေးမကူညီပေးသူဖြစ်သည်။ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းဟူသည် ကိုယ်နှင့်ထပ်တူ ကြီးပွားတိုးတက်ရေးကို လိုလားသူဖြစ်သည်။ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းသည် ထာဝရမိတ်ဆွေ၊ ယုံကြည်စိတ်ချရသော မိတ်ဆွေဖြစ်သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ပထဝီအနေအထားအရ ကုန်းတွင်း၊ ရေကြောင်းအချက်အချာကျသောနေရာတွင် တည်ရှိသည့် အရေးပါသည့်နိုင်ငံဖြစ်သည်။ အရှေ့အနောက် သဘောသဘာဝမတူသည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တရုတ်၊ ထိုင်း၊ လာအိုအိမ်နီးချင်းငါးနိုင်ငံနှင့် မိတ်ဝတ်မပျက် ဆက်ဆံနေထိုင်လျက်ရှိသည်။ အဆိုပါငါးနိုင်ငံတွင် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးမှာ သမိုင်းကြောင်းရှည်လျားပြီး ခေတ်အဆက်ဆက် ရင်းနှီးချစ်ကြည်မှုနှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို အစဉ်တစိုက် ထူထောင်လာနိုင်ခဲ့သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုမှအစ ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံအစိုးရများအကြား၊ နှစ်နိုင်ငံပြည်သူများအကြား ထိတွေ့ဆက်ဆံခဲ့ကြသည်။
တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးကို ၁၉၅၀ ပြည့်နှစ်တွင် စတင်ထူထောင် နိုင်ခဲ့ပြီးလာမည့် ၂၀၂၅ ခုနှစ်တွင် သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့် (စိန်ရတုနေ့)သို့ ရောက်ရှိတော့မည်ဖြစ်သည်။ တရုတ်-မြန်မာ အိမ်နီးချင်းနှစ်နိုင်ငံသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် တည်ငြိမ်အေးချမ်းသာယာဝပြောမှုကို လိုလားသည့်နိုင်ငံ ဖြစ်သည်။ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး စတင်သည့်ကာလမှစ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်နှင့်အညီ ဆက်ဆံနေထိုင်ခဲ့သောနိုင်ငံများ ဖြစ်သည်။ ဩဂုတ်လ ၁၄ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းသည် မိတ်ကောင်းဆွေကောင်း ထာဝရမိတ်ဆွေ ကောင်းဖြစ်ကြောင်းကို ဖော်ညွှန်းပြသနိုင်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိအား လက်ခံတွေ့ဆုံစဉ် မစ္စတာဝမ်ယိက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်း နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမှုကို အခိုင်အမာထောက်ခံပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ဆောင်ရွက်နေမှုနှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကိုလည်း ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အလေးထား ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် EAO အဖွဲ့များ၏ မြို့ရွာများအပေါ် တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍လည်း တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ပါကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲထောက်ခံအားပေးလျက်ရှိသည်။ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) အပေါ် မြန်မာနိုင်ငံက အစဉ်တစိုက် ရပ်တည်ထောက်ခံအားပေးနေမှုအပေါ် တန်ဖိုးထားသည်။ နိုင်ငံတကာစာမျက်နှာ၌ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အမြဲရပ်တည်ပေးလျက်ရှိသည်။ မကြာမီပြုလုပ်မည့် သန်းခေါင်စာရင်း ကောက်ယူရေး၌ လိုအပ်သည့် နည်းပညာကူညီမှုများကို ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ ရွေးကောက်ပွဲတွင်လည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် မည်သည့်ကိစ္စရပ်မျိုးကိုမဆို မြန်မာနိုင်ငံမှတစ်ဆင့် လုပ်ဆောင်နေမှုများအား လုံးဝလက်ခံမည်မဟုတ်ဘဲ တရုတ်နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးတို့အပေါ်အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ကုန်သွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍစုံတို့၌ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကိုလည်း ခိုင်ခိုင်မာမာ ဆောင်ရွက်သွားမည်ဖြစ်သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး စည်းလုံးညီညွတ်ရေးနှင့် မြန်မာနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တည်ရှိနေမှုကို ထောက်ခံလျက်ရှိသည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအားလုံးပါဝင်သည့် ရွေးကောက်ပွဲဖြစ်စေရေး တိုက်တွန်းဆွေးနွေး ပြောကြားသွားခဲ့သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းတရုတ်နိုင်ငံသည် နှစ်ပေါင်းရှည်ကြာစွာ ချစ်ကြည်ရင်းနှီးမှုနှင့်အတူ ပူးပေါင်းလက်တွဲဆောင်ရွက်မှုများ ခိုင်မြဲစွာဆောင်ရွက်နိုင်ခဲ့ပြီး လက်ရှိကာလတွင် တွေ့ဆုံဆွေးနွေးမှုများ မြှင့်တင်ဆောင်ရွက်နိုင်ခြင်းဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်၍ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် မိတ်ကောင်း၊ ဆွေကောင်းထာဝရမိတ်ဆွေဖြစ်ပါကြောင်း။ ။