မျောက်ကျောက်ရောဂါသည် နိုင်ငံတကာသို့ ကူးစက်ပျံ့နှံ့နိုင်သည့် အလားအလာများ ဖြစ်ပေါ်နေခြင်းကြောင့် နိုင်ငံတကာကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဩဂုတ် ၁၄ ရက်တွင် ကြေညာလိုက်သည်။ ၂၀၂၂ ခုနှစ်အတွင်းကလည်း မျောက်ကျောက်ရောဂါကို အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့ပြီး တစ်နှစ်ခန့်အကြာတွင် ပြီးဆုံးသွားခဲ့သော်လည်း ယခုအကြိမ်တွင် မျောက်ကျောက်ရောဂါသည် ပိုမိုပြင်းထန်သည့်ပုံစံဖြင့် တစ်ကျော့ပြန်ပေါ်ထွက်လာခြင်းဖြစ်သည်။
မျောက်များတွင် စတင်တွေ့ရှိခြင်းကြောင့် မျောက်ကျောက်ရောဂါဟု အမည်တွင်ခဲ့သည့် အဆိုပါရောဂါသည် မည်သူမဆို ဖြစ်ပွားနိုင်သလို အခြားသူကိုလည်း ကူးစက်နိုင်သည်။ ရောဂါလက္ခဏာခံစားနေရသူနှင့် အရေပြားချင်းထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင် အနီးကပ်တွေ့ဆုံခြင်း၊ ပါးစပ်မှတစ်ဆင့် အရေပြားကို ထိတွေ့ခြင်း၊ ရောဂါပိုးကပ်ငြိနေသည့်အိပ်ရာ၊ မျက်နှာသုတ်ပုဝါ၊ အဝတ်အစား သို့မဟုတ် အရာဝတ္ထုများကို ထိတွေ့ခြင်းစသော အနီးကပ်ထိတွေ့မှုများက မျောက်ကျောက်ရောဂါကူးစက်ခံရနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။ မျောက်ကျောက်ရောဂါ နှစ်မျိုးနှစ်စားရှိရာတွင် ၂၀၂၂ ခုနှစ်က နိုင်ငံတကာအရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည့် မျောက်ကျောက်ရောဂါသည် အပြင်းစားမဟုတ်သည့်အမျိုးအစားဖြစ်ပြီး ယခုဖြစ်သည့်အမျိုးအစားမှာ ပိုမိုပြင်းထန်ကြောင်း၊ ရောဂါပိုး၏ မျိုးဗီဇပြောင်းလဲမှုလည်း ဖြစ်ပေါ်နေပြီး ကူးစက်မှုလည်း မြန်ဆန်ကြောင်း နိုင်ငံတကာသတင်းများတွင် တွေ့ရှိရသည်။
မျောက်ကျောက်ရောဂါလက္ခဏာများမှာ မျက်နှာ၊ လက်၊ ခြေ၊ ပါးစပ်နှင့် လိင်အင်္ဂါများတွင် အနီကွက်များနှင့်အတူ အရည်ကြည်ဖုများ ပေါက်ခြင်း၊ ဖျားခြင်း၊ ပြန်ရည်အိတ် (Lymph node) များ ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနှင့် နောက်ကျောနာကျင်ကိုက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်းတို့ဖြစ်ပြီး ကူးစက်မှု၏ ၄ ရာခိုင်နှုန်း သေဆုံးနိုင်ခြေရှိနေသည်ဟု သိရသည်။ ယခုနှစ်စပိုင်းအတွင်း အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် ကွန်ဂိုသမ္မတနိုင်ငံတွင် မျောက်ကျောက်ကူးစက်မှု ၁၃၇၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူမှာလည်း အနည်းဆုံး ၄၅၀ ခန့်ရှိခဲ့ကြောင်း၊ ဗဟိုအာဖရိက၊ ဘူရွန်ဒီ၊ ကင်ညာ၊ ရဝမ်ဒါနှင့် အခြားအာဖရိကနိုင်ငံများတွင်လည်း မျောက်ကျောက်ကူးစက်မှုတွေ့ရကြောင်း သတင်းများအရ သိရှိရသည်။
၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ဥရောပနှင့် အာရှနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ခန့်တွင် မျောက်ကျောက်ရောဂါ ကူးစက်မှုပေါင်း ၈၇၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၁၄၀ ရှိခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှု အရှိန်လျော့ကျသွားပြီး တစ်ကမ္ဘာလုံး၌ ထိန်းချုပ်နိုင်သည့်အခြေအနေသို့ ရောက်ရှိချိန်တွင် ယခုမျောက်ကျောက်ရောဂါကို နိုင်ငံတကာကျန်းမာရေးအရေးပေါ်အခြေအနေ ကြေညာလာခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာတွင် ကူးသန်းသွားလာမှုများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာချိန်ဖြစ်သည့်အတွက် နိုင်ငံအဝင်အထွက် လေဆိပ်၊ ရေဆိပ်၊ နယ်စပ်ဂိတ်များတွင် စစ်ဆေးမှုများ အလေးထားပြုလုပ်ဆောင်ရွက်ပြီး မိမိနိုင်ငံအတွင်း ရောဂါဝင်ရောက်ကူးစက်ပျံ့နှံ့မှု ဖြစ်ပေါ်မလာစေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်လာကြမည်ဖြစ်သကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း ဆောင်ရွက်လာရမည့်အနေအထားပင် ဖြစ်သည်။
မျောက်ကျောက်ရောဂါသည် မျိုးဗီဇပြောင်းလဲမှုဖြစ်ပေါ်နေသည့်အတွက် ရောဂါဆိုင်ရာအချက်အလက်များမှာ ပြောင်းလဲနေမည်ဖြစ်ရာ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် မျက်ခြည်မပြတ် စောင့်ကြည့်နေရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့်မူ မျောက်ကျောက်ရောဂါ၏ သဘောသဘာဝကို သိနားလည်ပြီး အနီးကပ်ထိတွေ့မှုမှ ကူးစက်ခြင်းကို ကာကွယ်နိုင်မည့်နည်းလမ်းများဖြင့် တစ်ကိုယ်ရေကျန်းမာရေးကို စောင့်ရှောက်ကြရပါမည့်အကြောင်း။ ။