လူငယ်လူရွယ်များသည် နုပျိုလန်းဆန်းတက်ကြွကြသည့် အရွယ်များဖြစ်သည်နှင့်အညီ စူးစမ်းလေ့လာမှု၊ ဆန်းသစ်တီထွင်မှု၊ စွန့်လွှတ်စွန့်စားမှုတို့ကို အထူးစိတ်ဝင်စားကြသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် ပညာရေးတွင် ကြီးစွာရင်းနှီးမြှုပ်နှံပေးပြီး လူငယ်လူရွယ်များကို ပြုစုပျိုးထောင်မွေးထုတ်ပေးလျက်ရှိသည်။ မွေးထုတ်ပေးထားသော မျိုးဆက်သစ်များ စွမ်းပကားဖြင့် နိုင်ငံတိုးတက်ရေးတွင် ပါဝင်စွမ်းဆောင်အထောက်အကူပြုပေးနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
လူငယ်လူရွယ်များသည် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသော သိပ္ပံနှင့် နည်းပညာရေစီးကြောင်းတွင် လိုက်ပါလိုကြသူများဖြစ်သည်။ တိုးတက်မှုအဖုံဖုံတွင် ပါဝင်ကျင်လည်ပြီး အောင်မြင်မှုခရီးလမ်းကို ရှာဖွေနေကြသူများဖြစ်သည်။ မြန်မာနိုင်ငံမှ လူငယ်လူရွယ်များအနေဖြင့် အဆိုပါစိတ်ဆန္ဒများ ရှိကြသည်ဖြစ်သော်လည်း ခေတ်သမိုင်းနှင့် နိုင်ငံ့အခြေအနေအကြောင်းအမျိုးမျိုးကြောင့် လိုက်ပါခွင့် အပြည့်အဝမရခဲ့ကြပေ။ ထို့ကြောင့် မိမိတို့နိုင်ငံကို ခေတ်နှင့်အညီ တိုးတက်သောနိုင်ငံများနှင့်အတူ လိုက်ပါနိုင်ရန်အတွက် နိုင်ငံတော်အစိုးရက လမ်းဖွင့်ကူညီ ဆောင်ရွက်ပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။
မကြာသေးမီရက်ပိုင်းက ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့တွင် မြန်မာနိုင်ငံအနေဖြင့် လူငယ်လူရွယ်များအား အတူတကွလက်တွဲဖိတ်ခေါ်ပြီး ခေတ်နှင့်အညီ တိုးတက်ရာတိုးတက်ကြောင်း ကိစ္စအဝဝတို့ကို လှုပ်ရှားဆောင်ရွက်ခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံအနေဖြင့် နောက်ကျကျန်နေခဲ့သော သိပ္ပံနှင့် နည်းပညာနယ်ပယ်တို့ကို ဦးစားပေးဆောင်ရွက်နိုင်ခဲ့သည်။ ယခုထပ်မံ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းနှင့် မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် သိပ္ပံပွဲတော် (၂၀၂၄) ကို ဩဂုတ်လ ၁၅ ရက်နေ့က ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာတို့၌ ကျင်းပနေကြောင်း သိရသည်။
အဆိုပါသိပ္ပံပွဲတော်ကို ဖော်ပြပါနေရာများ၌ ဩဂုတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများအတွက် နျူကလီးယားနှင့် သိပ္ပံပညာဆိုင်ရာ ဉာဏ်စမ်းဂိမ်းယှဉ်ပြိုင်မှုများ၊ ကွန်ပျူတာနှင့်လူသား ဉာဏ်စမ်းပဟေဠိအစီအစဉ်များ ပြုလုပ်ပြီး ဆုချီးမြှင့်ပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။ ထို့အပြင် အဆင့်မြင့်ပညာနှင့်ပတ်သက်၍ “မြန်မာနိုင်ငံတွင် SMRs ဖွံ့ဖြိုးတိုးတက်လာစေရေး အပြန်အလှန်အသုံးချမှု” နှင့်စပ်လျဉ်းသည့် နျူကလီးယားနှင့်ဆက်စပ်ပြဿနာများကို ၂၄ နာရီအတွင်း အကောင်းဆုံးအဖြေများ ပြန်လည်ဖြေကြားသည့်ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး နျူကလီးယားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ အပြန်အလှန်ဆွေးနွေးပွဲများ ပြုလုပ်သွားမည် ဖြစ်သည်။
သိပ္ပံပွဲတော်ကို ကျင်းပပေးခြင်းအားဖြင့် အခြေခံပညာအဆင့်အနေဖြင့် သိပ္ပံပညာရပ်ကို ပိုမိုစိတ်ဝင်စားလာမည်ဖြစ်သည်။ အဆင့်မြင့်ပညာကဏ္ဍအနေဖြင့် ဘွဲ့ကြို၊ ဘွဲ့လွန် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ လူငယ်ပညာရှင်များအထိ နျူကလီးယားပညာရပ်အပါအဝင် သိပ္ပံဆိုင်ရာအသိအမြင်များ၊ အတွေ့အကြုံဗဟုသုတများ တိုးပွားလာစေခြင်း၊ သိပ္ပံပညာကို ပိုမိုစိတ်ဝင်စားစေပြီး သိပ္ပံပညာရပ်ဆိုင်ရာ အသစ်အဆန်းများ လေ့လာစူးစမ်းလိုစိတ်ဖြစ်ပေါ်လာစေခြင်း၊ ပညာရေးကဏ္ဍတွင် လူငယ်လူရွယ်များ၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်ခြင်း၊ မီဒီယာများမှတစ်ဆင့် နိုင်ငံအတွင်း နျူကလီးယားစွမ်းအင်ဆိုင်ရာ အသိပညာများ ပြန့်ပွားလာမည်ဖြစ်သည့်အတွက် နိုင်ငံတော်၏ သိပ္ပံနှင့် နျူကလီးယားစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုနိုင်သည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။
ကျောင်းသား ကျောင်းသူများ သိပ္ပံနှင့်နည်းပညာဆိုင်ရာတို့တွင် စိတ်ဝင်တစား ပါဝင်လှုပ်ရှားဆောင်ရွက်နေကြသည်ကို မြင်တွေ့ရသည်မှာ အားတက်ဖွယ်ဖြစ်သည်။ အဆိုပါ လူငယ်လူရွယ်များ စိတ်ဝင်စားသည့် ခေတ်မီတိုးတက်သည့် အစီအစဉ်များကို အခါအားလျော်စွာ မကြာခဏဆောင်ရွက်ပေးရန်လိုအပ်မည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ ယခုထက်ကျယ်ပြန့်စွာ ပါဝင်လာနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများပူးပေါင်းဖွဲ့စည်းပြီး ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ လေ့လာလှုပ်ရှားဆောင်ရွက်နိုင်ရေး၊ လူငယ်လူရွယ်များ စဉ်ဆက်မပြတ်လေ့လာဆည်းပူးနိုင်ရေး ဖြည့်ဆည်းပေးရန်လိုအပ်ပါသည်။
မြန်မာနိုင်ငံတွင် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ ပိုမိုအားကောင်းလာစေရန်၊ အရည်အသွေးပြည့်မီသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်နိုင်ရန်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရန်အတွက် Polytechnic တက္ကသိုလ်ရှစ်ခုကို ယခုပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည့်အတွက် အရည်အသွေးပြည့်မီသည့် နည်းပညာရှင်လူငယ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့် သိပ္ပံနှင့်နည်းပညာရပ်များကို မျိုးဆက်သစ်ကျောင်းသား ကျောင်းသူလူငယ်များ လေ့လာဆည်းပူးနိုင်သည့် အခွင့်အလမ်းများ ရရှိလာသဖြင့် လူငယ်လူရွယ်များ ပူးပေါင်းပါဝင်မှုဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ ။