ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မော်တော်ယာဉ်အမျိုးမျိုး စုပြုံတန်းစီတိုးနေသည့် မြင်ကွင်းများကို နေ့စဉ်တွေ့မြင်နေရသည်။ ပြီးခဲ့သည့်ဇူလိုင်လအတွင်းကလည်း ထိုကဲ့သို့ စုပြုံတန်းစီသည့်အဖြစ်မျိုး ရှိခဲ့ဖူးသည်။ မော်တော်ယာဉ်ကြီးငယ်အမျိုးမျိုး သိန်းနှင့်ချီ၍ ရန်ကုန်မြို့တွင်ရှိနေပြီး အခြားမြို့ကြီးများတွင်လည်း ယာဉ်အမြောက်အမြားရှိနေသဖြင့် စက်သုံးဆီကိစ္စသာမက ယာဉ်နှင့်လမ်းဆိုင်ရာတို့တွင်ပါ စိန်ခေါ်မှုများစွာရှိနေမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် မော်တော်ယာဉ် အသစ်အဟောင်းအမျိုးမျိုး နှစ်စဉ်တိုးတက်များပြားနေသော်လည်း အဆိုပါယာဉ်များအားလုံး စက်သုံးဆီလောက်ငဖူလုံရေးအတွက် နိုင်ငံတော်နှင့်စက်သုံးဆီနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများက အဆင်ပြေအောင် စီမံဆောင်ရွက်ပေးလျက်ရှိသည်။ မော်တော်ယာဉ်များအားလုံး၏ လိုအပ်သည့်စက်သုံးဆီအမျိုးမျိုးကို ပြည်ပမှဝယ်ယူတင်သွင်း ဖြည့်တင်းပေးရေးအတွက် အလျဉ်မီအောင် စီစဉ်ဆောင်ရွက်လျက်ရှိရာတွင် အကြောင်းအမျိုးမျိုးကြောင့် စက်သုံးဆီ အခိုက်အတန့်ပြတ်တောက်နိုင်သည့် အခြေအနေတစ်မျိုးမျိုးလည်းရှိမည် ဖြစ်သည်။
ယခင်တစ်ခေါက်က စက်သုံးဆီအရောင်းဆိုင်များတွင် ယာဉ်များစုပြုံတန်းစီမှု၊ စက်သုံးဆီပြတ်လပ်မှုများဖြစ်ပေါ်ခဲ့ရသည့်အကြောင်းမှာ ဇူလိုင်လလယ်ခန့်မှစ၍ နိုင်ငံအနှံ့အပြားတွင် မိုးအဆက်မပြတ်ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများဆောင်ရွက်နေသည့် သီလဝါဆိပ်ကမ်းရှိ Terminal များ၏ ပုံမှန်လုပ်ငန်းများ ဆောင်ရွက်နေမှု အနည်းငယ် နှောင့်နှေးကြန့်ကြာခြင်း၊ သယ်ယူပို့ဆောင်ရာတွင်လည်း လမ်းခရီးအခြေအနေများအရ ဆီတင်ယာဉ်ရောက်ရှိရန် အချိန်အနည်းငယ်ကြန့်ကြာခြင်းတို့ကြောင့် အရောင်းဆိုင်များသို့ ဆီမရောက်မီ စက်သုံးဆီအမျိုးအစားအချို့ ယာယီပြတ်လပ်မှုဖြစ်ပေါ်ခဲ့ပြီး ဆီတန်းစီသည့်ယာဉ်များ များပြားလာခဲ့သည်။
ယခုရက်ပိုင်းတွင် အွန်လိုင်းမီဒီယာများနှင့် ကောလာဟလသတင်းအမျိုးမျိုးကြောင့် နိုင်ငံအတွင်းရှိမော်တော်ယာဉ်များ အထူးသဖြင့်ရန်ကုန်၊ မန္တလေးမြို့ကြီးများရှိမော်တော်ယာဉ်ကြီးငယ်အမျိုးမျိုးတို့သည် ပုံမှန်ကာလများထက် စက်သုံးဆီဝယ်ယူမှု ပိုမိုများပြားလာသောကြောင့် မြို့ကြီးများအတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များတွင် မော်တော်ယာဉ်များ စုပြုံတန်းစီဝယ်ယူမှု များပြားလာသည်ကိုတွေ့ရသည်။ နေ့စဉ် စက်သုံးဆီတန်းစီဝယ်ယူသည့်အခြေအနေများကို သုံးသပ်ကြည့်သည့်အခါ နိုင်ငံအတွင်း လူမှုစီးပွားဘဝလိုအပ်ချက်များအတွက် နေ့စဉ်နှင့်အမျှ စက်သုံးဆီကို မဖြစ်မနေဝယ်ယူနေရသော ယာဉ်များရှိသလို နေ့စဉ်လိုအပ်ချက် ကြီးကြီးမားမားမရှိဘဲ စက်သုံးဆီဝယ်ယူစုဆောင်းသောယာဉ်များလည်း ရှိနေသဖြင့် စက်သုံးဆီအရောင်းဆိုင်များတွင် ယာဉ်များ ပုံမှန်ထက်များလာသည်ဟု သုံးသပ်ရပါသည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီနှင့် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် နိုင်ငံအတွင်းရှိ မော်တော်ယာဉ်များအားလုံး အဆင်ပြေချောမွေ့လွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာတွင် ပြည်ပမှစက်သုံးဆီဝယ်ယူနိုင်ရန် နိုင်ငံတော်က နိုင်ငံခြားငွေကိုသတ်မှတ်နှုန်းထားဖြင့် ဝယ်ယူခွင့်ပြုပေးခြင်း၊ စက်သုံးဆီတင်သင်္ဘောများ စဉ်ဆက်မပြတ်ရောက်ရှိရေး စီမံဆောင်ရွက်ပေးခြင်း၊ သီလဝါဆိပ်ကမ်းမှစက်သုံးဆီများ စဉ်ဆက်မပြတ် သိုလှောင်သယ်ဆောင် ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ပေးခြင်း၊ အခက်အခဲအကြောင်းအမျိုးမျိုးရှိလျှင် စက်သုံးဆီအရေးပေါ် ဖြန့်ဖြူးရောင်းချနိုင်ရေး စီမံဆောင်ရွက်ပေးခြင်းစသည့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။
စက်သုံးဆီဝယ်ယူသူများအနေဖြင့် ပြည်တွင်းစက်သုံးဆီ လက်ကျန်အခြေအနေနှင့် ပြည်ပမှဝင်ရောက်လာမည့် ဆီတင်သင်္ဘောများအခြေအနေအရ စက်သုံးဆီ ပြတ်လပ်နိုင်မည်ဆိုသည့် စိုးရိမ်ကြောင့်ကြမှုမဖြစ်ကြရန်နှင့် စက်သုံးဆီပြတ်လပ် နိုင်ခြင်းမရှိနိုင်ကြောင်းကို စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက စဉ်ဆက်မပြတ် သတင်းထုတ်ပြန်ပေးလျက်ရှိသည်။ စက်သုံးဆီအရောင်းဆိုင်များကိုလည်း ဆီရှိလျက်မရောင်းချခြင်းမျိုး မပြုလုပ်စေရေး ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်သူများအနေဖြင့် ကောလာဟလသတင်းစကားများကြောင့် စိုးရိမ်ကြောင့်ကြမှုဖြင့် လိုသည်ထက်ပိုမိုဝယ်ယူခြင်း၊ သိုလှောင်ထားရှိခြင်း၊ တစ်ဆင့် ပြန်လည်ရောင်းချရန် ဝယ်ယူသိုလှောင်ခြင်းတို့မပြုလုပ်ရန်၊ လိုသလောက်သာ ဝယ်ယူသုံးစွဲကြရန်နှင့် အရောင်းဆိုင်အချို့တွင် စုပြုံတန်းစီဝယ်ယူနေခြင်းအစား ဝယ်ယူမှုနည်းပါးသည့် အခြားဆိုင်များသို့ သွားရောက်ဝယ်ယူခြင်းများ ပြုလုပ်ကြရန်လိုပါသည်။
သို့ဖြစ်ရာ ပြည်တွင်းစက်သုံးဆီ လက်ကျန်အခြေအနေနှင့် ပြည်ပမှဝင်ရောက်လျက်ရှိသည့် ဆီတင်သင်္ဘောများအခြေအနေအရ စက်သုံးဆီပြတ်လပ်နိုင်မှုမရှိကြောင်းနှင့် စုပြုံတန်းစီဝယ်ယူနေသည့် အရောင်းဆိုင်များအပြင် အခက်အခဲမရှိသော အခြားစက်သုံးဆီအရောင်းဆိုင်များသို့ မျှဝေသွားရောက်ဝယ်ယူခြင်းဖြင့် စက်သုံးဆီဝယ်ယူမှုအဆင်ပြေအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။