မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်းစဉ်လာအရ အစားအစာများ စားသုံးရာတွင် ဆီမပါလျှင် မပြီး၊ ဆီမပါလျှင် မဖြစ်ဆိုသလို ဆီအမျိုးမျိုးနှင့်မကင်းသည့် အစားအစာများကို နေ့စဉ်စားသုံးကြသည်ကို တွေ့ရမည်ဖြစ်သည်။ ကျန်းမာရေးအရ ဆီကို သတိပြုစားသုံးရန်လိုအပ်သောကြောင့် သတိပေးပြောကြားလျက်ရှိသော်လည်း ဆီစားသုံးမှုကို မလျှော့နိုင်ဘဲ ကြုံသလိုစားသုံးနေကြသည်ကို တွေ့ရမည်ဖြစ်သည်။
စားသုံးဆီ၏ အကျိုးဆက်များကို သတိမမူဘဲ လိုသည်ထက် ပိုမိုစားသုံးကြသောကြောင့် ရောဂါအမျိုးမျိုး ဖြစ်ပေါ်ကြုံတွေ့ခံစားနေကြရသည်ကို လက်တွေ့ကြုံကြရသည်။ မကူးစက်သောရောဂါအမျိုးမျိုးဖြစ်သည့် အဝလွန်ရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အူမကြီးကင်ဆာရောဂါစသည့် ရောဂါတစ်မျိုးမျိုး ဖြစ်ပွားတတ်သည်ကို တွေ့ရမည်ဖြစ်သည်။ ရောဂါဖြစ်လာလျှင် ငွေကုန်ကြေးကျများလာမည်ဖြစ်သလို အလုပ်ပျက်အကိုင်ပျက်နှင့် ဒုက္ခအခက်အခဲအမျိုးမျိုးရောက်ကြရသည်ကို သတိပြုရမည်ဖြစ်သည်။
ထို့ကြောင့် နေ့စဉ်စားသုံးနေသော ဆီများနှင့်ပတ်သက်၍ ကောင်းကျိုး၊ ဆိုးပြစ်များကို သိရှိထားရန်လိုအပ်သည်။ စားသုံးဆီအမျိုးမျိုးတွင် အခြေခံအားဖြင့် ကျန်းမာရေးအရ သင့်တင့်စွာစားသုံးနိုင်သည့် မပြည့်ဝဆီ တတ်နိုင်သမျှလျှော့၍ စားသုံးသင့်သည့် ပြည့်ဝဆီနှင့် လုံးဝမစားသုံးသင့်သော အသွင်ပြောင်းဆီများဟူ၍ သုံးမျိုးရှိသည်။ မပြည့်ဝဆီကို သင့်တင့်စွာစားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် ကောင်းမွန်သော သွေးတွင်းအဆီဓာတ်ကို မြင့်တက်စေပြီး မကောင်းသောအဆီဓာတ်တို့အား လျှော့ချပေးခြင်းဖြင့် နှလုံးရောဂါ၊ ဆီးချိုရောဂါစသည့် မကူးစက်နိုင်သောရောဂါများဖြစ်ပွားမှုမှ လျော့နည်းစေပါသည်။ မပြည့်ဝဆီဆိုသည်မှာ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနှင့် ငါးမှရရှိသော အဆီများဖြစ်ပါသည်။
ပြည့်ဝဆီကို စားသုံးခြင်းကြောင့် မကောင်းသော သွေးတွင်းအဆီဓာတ်များ လွန်ကဲစွာမြင့်တက်စေပြီး အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ သွေးကြောနံရံများတွင် အဆီများကပ်၍ သွေးကြောကျဉ်းကာ နှလုံးသွေးကြောပိတ်ရောဂါနှင့် လေဖြတ်ခြင်းကို ဖြစ်စေပါသည်။ ပြည့်ဝဆီဆိုသည်မှာ စားအုန်းဆီ၊ ဆီကြော် အစားအစာများ၊ တိရစ္ဆာန်မှရရှိသောအဆီများ ဖြစ်သည်။
အသွင်ပြောင်းဆီ စားသုံးခြင်းကြောင့် သွေးအတွင်း မကောင်းသောအဆီများ ပိုမိုမြင့်တက်စေခြင်း၊ ကောင်းသောသွေးတွင်းအဆီများ ကျစေခြင်း၊ အဝလွန်၊ ခန္ဓာကိုယ်ရောင်ရမ်း၊ ဆီးချို၊ သွေးချိုနှင့် အချို့သောကင်ဆာရောဂါများကို ဖြစ်စေသည်။ အသွင်ပြောင်းဆီဆိုသည်မှာ ဟင်းရွက်ဆီများ၏ အနံ့အရသာကို ထိန်းရန်၊ ဆီပျက်စီးမှုကို ကာကွယ်ရန်နှင့် သက်တမ်းကြာရှည်စေရန် ခဲအောင်ဖန်တီးထားသောအဆီများ ဖြစ်သည်။ အသင့်စားအစားအစာများဖြစ်သည့် အာလူးကြော်၊ ကြက်ကြော်၊ ကိတ်မုန့်၊ ကွတ်ကီးများတွင်ပါဝင်သည့် အဆီများဖြစ်သည်။
နိုင်ငံတော်အစိုးရသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးပါဝင်သည့် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာတွင် အစားအစာနှင့်ပတ်သက်သည့် စားသုံးဆီများတွင် လူတို့အတွက် ကျန်းမာရေးနှင့် ညီညွတ်စေသော ဆီထွက်သီးနှံများ စိုက်ပျိုးရေး၊ ပြည်တွင်းစားသုံးဆီဖူလုံရေးမျှော်မှန်းချက် အောင်မြင်စေရန် အသင့်လျော်ဆုံးဖြစ်သည့် နေကြာဆီထွက်သီးနှံ အောင်မြင်ဖြစ်ထွန်းရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နေကြာသီးနှံကို သီးညှပ်စိုက်ပျိုးခြင်းထက် သီးထပ်သီးနှံအဖြစ် ထိထိရောက်ရောက် စိုက်ပျိုးလုပ်ကိုင်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိုက်ဧကများ လျာထားသတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်အလိုက် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ နေကြာစိုက်ပျိုးခြင်းကို ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးနှင့် ဆောင်းစိုက်ဧက ၁ ဒသမ ၀၉ သန်း လျာထားဆောင်ရွက်လျက်ရှိပြီး နှစ်အလိုက် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ရာ ၂၀၂၇-၂၀၂၈ ခုနှစ်တွင် မိုးနှင့် ဆောင်း စုစုပေါင်းစိုက်ဧက ၃ ဒသမ ၀၇ သန်းစိုက်ပျိုးရန် လျာထားစိုက်ပျိုးသွားမည်ဖြစ်သည်။ ယခုအခါ စားသုံးဆီဈေးနှုန်းများမြင့်တက်လျက်ရှိပြီး အနိမ့်ဆုံးအဆင့် စားအုန်းဆီကိုပင် ပြည်ပမှ နှစ်စဉ်မှာယူတင်သွင်းလျက်ရှိပြီး ပြည်သူများ သက်သာသောနှုန်းထားဖြင့် ဝယ်ယူစားသုံးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသည်။ ကျန်းမာရေးအရ အသင့်အတင့်သာ စားသုံးရန်သင့်သော ပြည့်ဝဆီဖြစ်သည့် စားအုန်းဆီကို အခြေခံပြည်သူများအနေဖြင့် အားထားစားသုံးနေရပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် မပြည့်ဝဆီများကိုစားသုံးရန် အလှမ်းဝေးလျက်ရှိသည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သည့် မပြည့်ဝဆီဖြစ်သော နေကြာဆီကို လုံလောက်စွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် နှစ်အလိုက် စီမံကိန်းများချမှတ်၍ အထွက်နှုန်းတိုးလာအောင် ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်၍ ပြည်သူများအနေဖြင့် မပြည့်ဝဆီများကို စားသုံးနိုင်ရေး၊ ပြည့်ဝဆီများကို လျှော့ချစားသုံးနိုင်ရေးနှင့် စားသုံးရန်မသင့်သည့် အသွင်ပြောင်းဆီဖြင့် ပြုလုပ်ထားသော အစားအစာအမျိုးမျိုးတို့ကို သတိပြုရှောင်ရှား၊ လျှော့ချစားသုံးကြပါရန် အကြံပြုတိုက်တွန်းအပ်ပါကြောင်း။ ။