Skip to main content

သည်းခံရင်း တောင့်ခံခြင်းဖြင့်

ရှုပ်ထွေးစည်ကားနေလေ့ရှိသည့် ရန်ကုန်မြို့၊ လမ်းများပေါ်တွင် ကျပ်တည်းနေသော ကားများ ဖြင့် ပြည့်နေသည့် ရန်ကုန်မြို့သည် ရုတ်ချည်းဆိုသလို တိတ်ဆိတ်ကျဲပါးသွားသည်။ လူသွား လူလာရှင်း၊ ကားသွားကားလာရှင်းဖြစ်နေသည့် အဓိကအကြောင်းအရင်းမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး တစ်ကျော့ပြန် ပြန့်ပွားကူးစက်မှု မြန်ဆန် လာပြီး ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာအရေအတွက် နေ့စဉ်တိုးမြင့် များပြားလာမှုကြောင့် အိမ်ပြင်ထွက်သူ သိသိသာသာ လျော့ ကျ သွားခြင်းဖြစ်၏။

ရောဂါပိုးပြန့်ပွားကူးစက်မှုများပြားလာခြင်းမှာ စိတ်မချမ်းမြေ့ ဖွယ်ရာဖြစ်သော်လည်း လူအများ ကျန်းမာရေးအသိနိုးကြားနေပြီး သတိဖြင့်နေထိုင်ကြခြင်း၊ သက်ဆိုင်ရာက ကြေညာထားသည့် စည်းမျဉ်းဥပဒေများကို လိုက်နာစောင့်ထိန်းကြခြင်းတို့သည်ကား ရောဂါပိုးထိန်းချုပ်နိုင်ရေး အတွက် အားတက်စရာဟု ဆိုရပါမည်။

ယခုအခါ ကိုဗစ်-၁၉ ရောဂါပိုး ပြန်လည်ထကြွလာမှုက ကမ္ဘာ နှင့်အဝန်း ဖြစ်လာနေသည်။ ရောဂါပိုးကင်းစင်ပြီဟု ယူဆနေကြ သည့် တရုတ်နိုင်ငံ၌ ပိုးတွေ့လူနာအချို့ ပြန်လည်တွေ့ရှိလာ သကဲ့သို့ ဥရောပနိုင်ငံများတွင်လည်း ပြန်ပေါ်လာနေ၏။ အိန္ဒိယတွင် ယခု စက်တင်ဘာလ အတွင်း၌ နေ့စဉ် ပိုးတွေ့လူနာသစ် တစ်သိန်းနီးပါး ခန့် တွေ့နေ၏။

မြန်မာနိုင်ငံ၌ စက်တင်ဘာလ ၁၅ ရက်အထိ ပိုးတွေ့ လူနာ ၃၅၀၀ ကျော် ရှိပြီဖြစ်၏။ နေ့စဉ် တိုးမြင့်လာနေသည့် ပိုးတွေ့ လူနာ အရေအတွက်က ရာဂဏန်း။ ယနေ့ဆိုလျှင် လူနာသစ် ၃၀၇ ဦး။ သေဆုံးသည့် အရေအတွက်ကလည်း ချက်ချင်းဆိုသလို ခုန်တက် မြင့်မားနေ၏။ ယခုဆိုလျှင် ၃၅ ဦး ရှိခဲ့ပြီ။ အများအားဖြင့် အသက် အရွယ်အားဖြင့် ကြီးရင့်သူများ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးရောဂါအခံရှိသူများ ပိုမိုထိခိုက်သည့် လက္ခဏာကို တွေ့ရ၏။

အန္ဒီကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပိုးက မျိုးဗီဇအသွင် ပြောင်းလဲ မှုရှိခဲ့ပြီး ပိုမိုကူးစက်ပြန့်ပွား လွယ်သည်ဟု လည်းကောင်း၊ ထိခိုက်မှု ပိုမို ပြင်းထန်သည်ဟု လည်းကောင်း သုတေသီတို့က မှန်းဆထား၏။

ယခုအခြေအနေသည် ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှုကို နိုင်နိုင် နင်းနင်း ထိန်းချုပ်ရေးနှင့် ပြည်သူလူထု၏ ကျန်းမာရှင်သန်မှုကို မထိခိုက်ရေးတို့အတွက် အရေးကြီးသည့် အချိန်ဖြစ်ပါ သည်။

ယနေ့အချိန်ထိ စိတ်ချလက်ချ အသုံးပြုနိုင်သော အတည်ပြု ကာကွယ်ဆေး မရရှိသေးသည့် အတွက် လက်တွေ့အားဖြင့် သို့တည်း မဟုတ် လက်ငင်းကာလအနေဖြင့် ကျန်းမာရေး ဆိုင်ရာ ပညာရှင်များ ၏ အကြံပြုချက်များကို လိုက်နာစောင့်ထိန်းကြရန် လိုပါ သည်။

လူစုလူဝေးမပြုလုပ်ခြင်း၊ လူချင်းဆက်ဆံပြောဆိုရာတွင် ကာယကံ မြောက် နီးကပ်ထိစပ်မှုကို လုံးဝရှောင်ကြဉ်ခြင်း၊ အနည်းဆုံး ခြောက်ပေအကွာအဝေးမှသာ ပြောဆိုခြင်း၊ စနစ်တကျဖြင့် မကြာခဏ လက်ဆေးခြင်း၊ အပြင်သွားလာရပါက မျက်နှာဖုံး နှာခေါင်းစည်းတို့ကို မပျက် မကွက် တပ်ဆင်ခြင်း စသည်တို့ကို အလေးထား လိုက်နာကြရန် လိုပါသည်။

ရွေးကောက်ပွဲကာလ နီးကပ်လာပြီး နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရန် စတင်ခွင့်ပြုထား သော ကာလဖြစ်သည့် အားလျော်စွာ နိုးကြားတက်ကြွနေကြသည့် အချို့သော ပြည်သူ လူထု အစိတ်အပိုင်း တို့ကို နိုင်ငံအနှံ့တွင် တွေ့မြင်လာရသည်လည်း ရှိပါ၏။

ရွေးကောက်ပွဲသည် နိုင်ငံရေးအပြောင်းအလဲအတွက်၊ နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် အရေးပါ သည် မှန်သော်လည်း လူတို့၏ အသက်ဘေးအန္တရာယ်မထိခိုက်ရန်က ပိုမိုအလေးထားရမည် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတွင်းရှိသူအားလုံးသည် စည်းမျဉ်းဥပဒေ များကို အထူးလိုက်နာ ကြရန်လိုပါသည်။ အထူးသဖြင့် ကပ်ရောဂါ ဘေးနှင့် သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများကို တိတိကျကျ လိုက်နာကြရန်လိုသည်ဟု ယခုလိုအချိန်တွင် နှိုးဆော်လိုပါသည်။

လက်ငင်းကာလ အရေးကြီးဆုံးမှာ ရောဂါပိုးပြန့်ပွားကူးစက်မှု ကို လျှော့ချနိုင်ရေးနှင့် ပြည်သူ လူထု၏ ကျန်းမာရေး၊ အသက်ရှင်သန် ရေးဖြစ်ပါသည်။ ပြည်သူလူထုတစ်ရပ်လုံး၏ ရေရှည် အကျိုးကို မြော်မြင်၍ အတတ်နိုင်ဆုံး အိမ်တွင်း၌သာ သည်းခံနေထိုင်ကြကာ အချိန်ကာလ တစ်ခုကို တောင့်ထားရင်ဆိုင်ကြခြင်းဖြင့် ကိုဗစ် ကမ္ဘာ့ကပ်ရောဂါဘေးကို အောင်မြင်စွာ ကျော် လွှားကြပါစို့။ ။