Skip to main content

နိုင်ငံသားကောင်း၊ သမီးကောင်းများ ပြုစုပျိုးထောင် အနာဂတ်နိုင်ငံတော်ကို ပညာရေးဖြင့် ပုံဖော်တည်ဆောက်

ဒီမိုကရေစီစနစ်တွင် နိုင်ငံသားတို့ ထကြွလုံ့လရှိရန်၊ ဉာဏ်အမြော်အမြင်ရှိရန်၊ အများပြည်သူအကျိုး သယ်ပိုးလိုစိတ်ရှိရန်လိုသည်။ နိုင်ငံသားတို့၏ စိတ်ဓာတ်အဆင့်အတန်း မြင့်မားသည်နှင့်အမျှ နိုင်ငံကို ကောင်းသည်ထက်ကောင်းအောင်၊ မြင့်သည်ထက် မြင့်မားအောင် တည်ဆောက်နိုင်မည်ဖြစ်ရာ နိုင်ငံသားကောင်းတို့၏ အရည်အချင်းများနှင့် ပြည့်စုံလာအောင် လူတစ်ဦးချင်းစီက မိမိကိုယ်ကို ဖြည့်ဆည်းကြရန် လိုအပ်သကဲ့သို့ ငယ်စဉ်ကပင် ပြုစုပျိုးထောင်ပေးနိုင်ရန်လည်း လိုအပ်သည်။

နိုင်ငံရေးတွေးခေါ်ရှင်တစ်ဦး၏ အဆိုအမိန့်အရ နိုင်ငံသားကောင်းတစ်ဦးတွင် (၁) ဉာဏ်အမြော်အမြင်ရှိခြင်း၊ (၂) မိမိကိုယ်ကို ထိန်းသိမ်းနိုင်ခြင်းနှင့် (၃) အမှားနှင့် အမှန်ကို ခွဲခြားသိတတ်သည့် သိစိတ်ရှိခြင်းဟူသော အရည်အသွေးသုံးရပ်တို့ လိုအပ်ပြီး ပျင်းရိခြင်း၊ ကိုယ်ကျိုးစီးပွားဦးစားပေးခြင်းနှင့် ပါတီစွဲစိတ်ဓာတ်ရှိခြင်းတို့မှာမူ နိုင်ငံသားကောင်းဖြစ်မလာစေရန် ဟန့်တားသည့် အားနည်းချက်များပင်ဖြစ်သည်ဟုဆိုသည်။ ဉာဏ်အမြော်အမြင်ရှိသော နိုင်ငံသားသည် စဉ်းစားဉာဏ်မြင့်မားပြီး အမှန်နှင့် အမှား၊ တရားမှုနှင့် မတရားမှုတို့ကို ခွဲခြားသိမြင် နိုင်စွမ်းရှိသည်။ နိုင်ငံနှင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ အကျိုးစီးပွားနှင့်ယှဉ်ပါက မိမိနှင့် မိမိဒေသအကျိုးစီးပွားကို ဦးစားမပေးခြင်း၊ လူမှုရေးရာပြဿနာများအပေါ်တွင် မှန်ကန်စွာ သဘောပေါက်နားလည်နိုင်သည့် အသိဉာဏ်နှင့် ဗဟုသုတတို့ ပြည့်စုံခြင်း၊ ထိုပြဿနာများကို ဖြေရှင်းရန်အတွက် အမြော်အမြင်နှင့် ဉာဏ်ပညာရှိခြင်းတို့က နိုင်ငံသားကောင်း၏ မိမိကိုယ်ကို ထိန်းသိမ်းနိုင်သည့် အရည်အချင်းများပင်ဖြစ်သည်။ အမှားနှင့် အမှန်ကို ခွဲခြားတတ်သည့် သိစိတ်ကမူ မိမိလုပ်ကိုင်ဆောင်ရွက်သမျှတို့အပေါ်တွင် အမှား၊ အမှန်သိစိတ်ရှိပြီးဖြစ်သည့်အလျောက် ရိုးရိုးသားသား၊ ဆင်ခြင်တုံတရားရှိရှိဖြင့် ဆောင်ရွက်ကြရန်ပင်ဖြစ်သည်။

ဆိုခဲ့ပါအတိုင်း ကောင်းသောနိုင်ငံသားတို့၏ အရည်အသွေးများနှင့် ပြည့်စုံကြပြီး နိုင်ငံသားတို့၏ တာဝန်သိမှုအရပါ ထိပ်တန်းသို့ ရောက်ရှိနေကြပြီဆိုလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာတွင် ကောင်းသောအကျိုးအာနိသင်တို့ လျင်မြန်စွာ ဖြစ်ပေါ်လာမည်ဖြစ်သည်။ နိုင်ငံသူ နိုင်ငံသားတို့ ကောင်းသောအရည်အသွေးနှင့် ပြည့်စုံစေရေး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် မွေးထုတ်ပေးသည့်နေရာရပ်ဝန်းများမှာ ကျောင်းများပင်ဖြစ်သည်။ ကျောင်းဝင်စအရွယ်၊ အခြေခံပညာစာသင်ကျောင်းများမှသည် တက္ကသိုလ်၊ ကောလိပ်များအထိ ပညာသင်ကြားသည့်ကာလတစ်လျှောက်လုံး စာကိုသာမက စိတ်ဓာတ်၊ အမူအကျင့်တို့ကိုပါ သင်ကြားပေးရန်လိုသည်။ ပညာသင်ယူမှုများ အားလုံးပြီးမြောက်ချိန်တွင် အရည်အသွေးကောင်းများနှင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများအဖြစ် ထွက်ပေါ်လာရမည်ဖြစ်သည်။

“နိုင်ငံတော်ကိုခိုင်မာသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးအတွက် စည်းကမ်းစနစ်ကျသည့် လူ့အဖွဲ့အစည်း၊ အသိုက်အဝန်းဖြစ်ရန် လိုအပ်မည်ဖြစ်ပြီး ထိုသို့ဖြစ်ပေါ်လာစေရေးအတွက် သင်ကြားရေးတာဝန်များကို ထမ်းဆောင်ကြမည့်သူများအနေဖြင့် ဝိုင်းဝန်းဖော်ဆောင်ပေးကြရမည်ဖြစ်ကြောင်း၊ ယခင်က မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် အားနည်းချက်များကို သင်ခန်းစာဖော်ထုတ်ရယူ၍ အနာဂတ်နိုင်ငံတော်ကို ပညာရေးဖြင့် ပုံဖော်တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မန္တလေးပညာရေးဒီဂရီကောလိပ်ရှိ နည်းပြ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

လူ့အဖွဲ့အစည်း၊ အသိုက်အဝန်းတို့ကို လူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ လူတစ်ဦးချင်းစီတိုင်းက နိုင်ငံသားကောင်းအရည်အချင်းတို့နှင့် ပြည့်စုံပါက စည်းကမ်းစနစ်ကျသည့် လူ့အဖွဲ့အစည်း၊ အသိုက်အဝန်းတို့ကို လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် တည်ဆောက်နိုင်မည်ဖြစ်သည်။ “အမျိုးသားစည်းကမ်းအစ၊ စာသင်ကျောင်းက” ဟူသည့် ကြွေးကြော်သံဆောင်ပုဒ်နည်းတူပင် “နိုင်ငံသားကောင်း၊ သမီးကောင်းအစ စာသင်ကျောင်းက” ဟူသော ခံယူချက်ဖြင့် အနာဂတ်နိုင်ငံအတွက် လိုအပ်သည့် မျိုးဆက်သစ်များ ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ပါစေကြောင်း။