နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍကို နိုင်ငံတော်ကအားပေးမြှင့်တင်လျက်ရှိရာတွင် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးကို ပထမဦးစားပေးအဖြစ်လည်းကောင်း၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များ ဖွံ့ဖြိုးတိုးတက်ရေးကို ဒုတိယဦးစားပေးအဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ့စီးပွားရေးတွင် MSME များသည် အဓိကမောင်းနှင် အားဖြစ်သကဲ့သို့ နိုင်ငံ၏စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင်လည်း အသေးစား၊ အငယ်စားမှ စတင်အခြေတည်ကာ အလတ်စားနှင့် အကြီးစားလုပ်ငန်းများအဖြစ်သို့ ဆက်လက်ဖွံ့ဖြိုးတိုးတက်သွားရမည်ဖြစ်သည့် အလျောက် MSME များ ခိုင်မာအားကောင်းလာစေရန်လိုသည်။
လက်ရှိကာလ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးတို့တွင် MSME လုပ်ငန်းစုစုပေါင်း ၃၈၉၂၉ ခုကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက MSME အဖွဲ့ဝင်ကတ်ထုတ်ပေးထားသည်။ ၂၀၁၇ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ MSME စီးပွားရေးလုပ်ငန်း ကုန်ထုတ်လုပ်မှု စစ်တမ်းအရ ထုတ်လုပ်မှုလုပ်ငန်းအများစုသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်တည်ရှိပြီး တောင်ပိုင်းကမ်းရိုးတန်းဒေသတစ်လျှောက်တွင် နည်းပါးကြောင်းနှင့် စားသောက်ကုန်လုပ်ငန်းသည် ထုတ်လုပ်မှုကဏ္ဍ၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း သိရသည်။ ကုန်ထုတ်လုပ်ငန်းများ၏ အခြေအနေမှာလည်း တီထွင်ဆန်းသစ်မှုလွန်စွာနည်းပါးပြီး နည်းပညာအရလည်း နိမ့်ပါးကြောင်း၊ လုပ်ငန်းအများစုသည် လက်ဖြစ်ကိရိယာများကို အသုံးပြုပြီး စက်ယန္တရားအဟောင်းများနှင့် တစ်ပတ်ရစ်စက်များကို မှီခိုလုပ်ကိုင်နေရကြောင်း၊ ပြည်ပမှတင်သွင်းသည့် စက်ပစ္စည်းနှင့် နည်းပညာများကို အသုံးပြုဆောင်ရွက်သည့် လုပ်ငန်း ၂၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း၊ သို့ဖြစ်၍ ဈေးကွက်လက်လှမ်းမီနိုင်သည့် နိုင်ငံတကာအဆင့်အတန်းမီမှု လွန်စွာနည်းပါးကြောင်းတို့ကို စစ်တမ်းကဖော်ပြထားသည်။ ထို့အပြင် MSME လုပ်ငန်းများအားလုံး လျှပ်စစ်မီးနှင့် ရေပေးဝေရေးစနစ်မှ ဖြန့်ဝေသည့်ရေတို့ကို အပြည့်အဝမရရှိဟုလည်း ဆိုသည်။
MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေတို့သို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ သွားရောက်တွေ့ဆုံ၍ ဆွေးနွေးပွဲ ၂၄ ကြိမ် ပြုလုပ်ခဲ့သည်။ ဒေသအသီးသီးမှ MSME လုပ်ငန်းရှင်များ၏ တင်ပြချက်များတွင် နည်းပညာ၊ ငွေကြေး၊ ဈေးကွက်၊ မြေနေရာ၊ ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် အခြားဟူ၍ကဏ္ဍအလိုက် တင်ပြချက်စုစုပေါင်း ၂၅၈ ချက်ရှိပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအစိုးရအဖွဲ့များ၊ အေဂျင်စီများက အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။
“MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးကြီးသည်မှာ ကုန်ကြမ်းများ၊ သွင်းအားစုများပြည့်မီစွာ ရရှိရေးပင်ဖြစ်ကြောင်း၊ ပြည်တွင်းစိုက်ပျိုးမွေးမြူရေးမှရရှိသည့် ကုန်ကြမ်းများကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ခြင်းသည် သေချာသည့် ကုန်ထုတ်လုပ်ငန်းပင်ဖြစ်သဖြင့် ကုန်ကြမ်းများကို နည်းပညာများအသုံးပြု၍ အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ကုန်ကြမ်းသာမက အခြားလိုအပ်သည့် သွင်းအားစုများ၊ အရင်းအနှီးများရရှိရေးအတွက်လည်း ဖန်တီးပေးနိုင်ရမည်ဖြစ်ကြောင်း” ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ် စဉ်(၂/၂၀၂၄) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
သို့ဖြစ်ရာ ပြည်တွင်း စိုက်ပျိုးမွေးမြူရေးမှရရှိသည့် ကုန်ကြမ်းများကို နည်းပညာများအသုံးပြု၍ အရည်အသွေးကောင်းမွန်သည့် ဈေးကွက်ဝင်ထုတ်ကုန်များထုတ်လုပ်ကာ ပြည်တွင်း ပြည်ပဈေးကွက်များတွင် အောင်မြင်စွာယှဉ်ပြိုင်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းကြရပါမည့်အကြောင်း။ ။