Skip to main content

ကိုယ့်မြို့ကိုယ့်ရွာမပျက်စီးအောင် ဝိုင်းဝန်းကာကွယ်စောင့်ရှောက်

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒအမှန်မှာ ကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့်တိုင်းပြည်တွင် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးဖြစ်သည်။ ထိုအရေးနှင့်ပတ်သက်၍ မြို့ရွာ၊ တိုင်းပြည်တည်ငြိမ် အေးချမ်းသာယာရေးကို အစိုးရ၏အုပ်ချုပ်ရေး၊ လုံခြုံရေးအဖွဲ့အစည်းများက ဆောင်ရွက်ပေးပေလိမ့်မည်ဟု အကြမ်းဖျင်းဆိုကြမည်ဖြစ်သည်။ အမှန်တကယ်တွင် ကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့်တိုင်းပြည် လုံခြုံစိတ်ချအေးချမ်းသာယာရေးအတွက် အစိုးရသာမက ပြည်သူများတွင်လည်း တာဝန်ရှိသည်ဟု ဆိုချင်ပါသည်။

နိုင်ငံတော်အစိုးရသည် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး” ဟူသည့် နိုင်ငံရေးမျှော်မှန်းချက်နှစ်ရပ်နှင့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” ဟူသည့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်တို့ကို ချမှတ်ပြီး ၎င်းရည်မှန်းချက်များ အောင်မြင်စေရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံးတည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။

ထိုကဲ့သို့ ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းသည် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအားလုံး၏ဆန္ဒနှင့် လိုလားချက်များကို ပြည့်ဝလာစေရန် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။ ထို့အပြင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အနာဂတ်ကို မြော်တွေး၍ အသိပညာ၊ အတတ်ပညာနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်အစိုးရတစ်ရပ်တည်း ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ရည်မှန်းချက်သို့ ဆောလျင်စွာရောက်ရှိနိုင်မည်မဟုတ်ပေ။ ဖြည့်ဆည်းပေးရမည့် ရည်မှန်းချက်များ ဆောလျင်စွာရရှိနိုင်ရေးအတွက် ပြည်သူများက ဝိုင်းဝန်းလက်တွဲပါဝင်ဆောင်ရွက်သင့်ပေသည်။

ပြည်သူများအားလုံး အေးချမ်းစွာ နေထိုင်လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် မြို့ရွာ ရပ်ကွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် အဓိကကျသောအချက်ဖြစ်သည်။ တည်ငြိမ်အေးချမ်းမှသာ လူမှုစီးပွားဘဝများကို ချောမွေ့စွာလုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယခုအခါ နိုင်ငံအတွင်း၌ အကြမ်းဖက်လက်နက်ကိုင် EAO အဖွဲ့အချို့နှင့် အကြမ်းဖက် NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ပြည်သူများအား အကြောက်တရားကြီးမားလာအောင် ပြုလုပ်ပြီး မြို့ရွာများ တိုက်ခိုက်ဖျက်ဆီးနေသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့ရွာများ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးတို့ကို ဆောင်ရွက်ပေးရန်မှာ အလွန်ကျယ်ပြန့်သဖြင့် ခက်ခဲမည်ဖြစ်သည်။ ထို့ကြောင့် မြို့ရွာများတည်ငြိမ်အေးချမ်း လုံခြုံစိတ်ချရေးအတွက် ပြည်သူများကလည်း လက်တွဲပူးပေါင်းကူညီဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်သည်။

အစိုးရအနေဖြင့် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်နေသည့်အချိန်တွင် ကဏ္ဍတိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)နှင့်အညီ လိုက်နာဆောင်ရွက်လုပ်ကိုင်လျက်ရှိသည်။ နိုင်ငံတော်ကာကွယ်ရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ(၃၈၆)တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်” ဟုပြဋ္ဌာန်းထားသည်။ အဆိုပါ ဥပဒေပြဋ္ဌာန်းချက်နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်အရ ကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့်တိုင်းပြည်ကာကွယ်ရေးအတွက် စစ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ အဆိုပါဥပဒေသည် အရွယ်ရောက်သူ နိုင်ငံသားအားလုံးနှင့် အကျုံးဝင်သည်ဆိုသော်လည်း ပြည်သူအားလုံးက ကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့်တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်မည်ဟူသော နိုင်ငံချစ်စိတ်ထားရှိကြရမည်ဖြစ်သည်။

 သို့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၈၃) အရ နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိသည်။ ပုဒ်မ (၃၈၅)အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည် စသည်တို့ကို နိုင်ငံသားတိုင်းသိရှိနားလည်ရန်လိုအပ်ပေသည်။

သို့ဖြစ်ရာ မြို့ရွာများကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံတော်၏ တာဝန်သာဖြစ်သည်ဆိုသည့် ခံယူချက်မှာ မမှန်ကန်ပေ။ သောင်းကျန်းသူများ၏ လက်ချက်ကြောင့် မြို့ရွာအချို့ ထိခိုက်ပျက်စီးရသည့်အဖြစ်ဆိုးများကို ဒေသခံပြည်သူများ တွေ့ကြုံနေရသည်မှာ သက်သေဖြစ်သည်။ ထို့ကြောင့် ကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့်နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ ပြည်သူများက လက်တွဲပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။