မြန်မာနိုင်ငံ၏ အရှေ့ဘက်နှင့်အနောက်ဘက်တို့တွင် တစ်ပြိုင်တည်းလိုလိုဖြစ်ပေါ်ခဲ့သော မုန်တိုင်းနှစ်ခုတို့၏အရှိန်ကြောင့် ပြည်တွင်းဒေသအချို့တွင် မကြုံစဖူးထူးထူးကဲကဲဟုဆိုရလောက်အောင် မိုးရွာသွန်းခြင်းနှင့်ရေကြီးရေလျှံခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်ခဲ့သော စူပါတိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် ဗီယက်နမ်နိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ပျက်စီးဆုံးရှုံးမှုနှင့် လူအသေအပျောက်၊ ထိခိုက်ဒဏ်ရာရရှိမှုတို့ဖြစ်ပေါ်စေခဲ့သလို ယင်းမုန်တိုင်း၏အရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့သည်။ ထိုနည်းတူ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင်ဖြစ်ပေါ်ခဲ့သည့် အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကလည်း ဝင်ရောက်ပေါင်းစပ်ကာ ပြည်တွင်းဒေသအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး မိုးရေချိန်စံချိန်သစ်တင်ခဲ့သည့် မြို့ ၁၀ မြို့ထက်မနည်းရှိခဲ့သည်။
မုန်တိုင်းများကြောင့် မိုးသည်းထန်ခြင်း၊ မိုးအဆက်မပြတ်ရွာသွန်းခြင်းတို့သည် မြစ်ချောင်းများတွင် ရေအလုံးအရင်းဖြင့် စီးဆင်းမှုကိုဖြစ်ပေါ်စေပြီး ရေကြီးရေလျှံခြင်း၊ ရုတ်တရက်ရေကြီးခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ရုတ်တရက်ရေကြီးခြင်းသည် ရှောင်တိမ်းရန် မိနစ်ပိုင်းမျှသာအချိန်ရနိုင်ပြီး ဒေသတွင်း ယခင်ဖြစ်လေ့ဖြစ်ထမရှိခြင်းကြောင့် အတွေ့အကြုံမရှိခြင်း၊ သတိမထားမိလိုက်ခြင်း စသည့်အကြောင်းများကြောင့် ဘေးအန္တရာယ်ကျရောက်မှု ကြုံတွေ့ကြရပြီး အချို့အသက်ဆုံးရှုံးသည်အထိ ဖြစ်ကြရသည်။ ယင်းသို့သော သဘာဝဘေးအန္တရာယ်များမှ ရှောင်တိမ်းနိုင်ရန်မှာ မိုးလေဝသသတင်းများကို မျက်ခြည်မပြတ်စေရန်နှင့် သဘာဝဘေးကာကွယ်ရေးဆိုင်ရာဗဟုသုတများ ပြည့်စုံစေရန်လိုသည်။ အများပြည်သူတို့ မသိမဖြစ်သိစေရန် လိုအပ်သည့်မိုးလေဝသသတင်းများနှင့်အခါရာသီအလိုက် သိရှိထားကြရမည့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာအကြံပြုချက်၊ လမ်းညွှန်ချက်များကို နိုင်ငံပိုင်သတင်းစာများအပါအဝင် မီဒီယာများကစဉ်ဆက်မပြတ်ဖော်ပြပေးလျက်ရှိသည်။
လျှပ်တစ်ပြက်ရေကြီးသည့်အန္တရာယ်နှင့်ကြုံတွေ့ရပါက အနီးဆုံးရှိရေလွတ်ရာ ကုန်းမြင့်၊ အဆောက်အအုံအမြင့်၊ သစ်ပင် စသည်တို့တွင် အမြန်ဆုံးခိုလှုံကြရမည်ဖြစ်သည်။ ကားထဲတွင် ရှိနေပါကလည်း ရေအလွန်များပြားမလာမီ ကားထဲမှထွက်၍ ဘေးလွတ်ရာတွင် တိမ်းရှောင်နိုင်ရန် ကြိုးပမ်းကြဖို့လိုသည်။ ထုထည်ကြီးမားသည့် ရေသည်ဖိအားရှိသလို ဖော့ဂုဏ်သတ္တိလည်းရှိသည်။ ထို့အပြင် ကြီးမားသည့်ထုထည်ပမာဏနှင့် တစ်ရှိန်ထိုးစီးဆင်းလာသည့်ရေ၏ ရေစီးအားကလည်း လွန်စွာကြီးမားသည်။ ခါးအထက်၊ ရင်စို့ခန့်ရှိ ရေအနက်တွင် ရေစီးအားသည် ခြေလှမ်းရွှေ့ရန် လွန်စွာရုန်းကန်အားစိုက်နေရပါက အန္တရာယ်ရှိသည့်အနေအထားပင်ဖြစ်ပြီး အနည်းငယ်မျှ ယိမ်းယိုင်သွားရုံနှင့်ပင် မျောပါသွားနိုင်သည်။ ယင်းသို့သော အခြေအနေတွင် အသက်ကယ်ကြိုးအကူအညီ၊ လူအင်အားအကူအညီတို့မပါဘဲ ဖြတ်ကူးပါက အသက်အန္တရာယ်ကြုံတွေ့နိုင်သည်။
ကားလမ်းများပေါ် ရေကျော်နေချိန်တွင်လည်း ရေစီးကြောင်း၏ ထုထည်ပမာဏကိုချင့်တွက်ပြီးမှ ကားဖြင့်ဖြတ်ကူးရန်သင့်မသင့် ဆုံးဖြတ်ကြရန်လိုသည်။ ကားဖြင့် ရေစီးကို ဖြတ်သန်းရာတွင် ရေ၏ ဖော့ဂုဏ်ကြောင့် ကားမှာလိုရာသို့ ထိန်းသိမ်း၍မရ၊ ရေဖိအားကြောင့် ကားတံခါးများ ဖွင့်၍မရချိန်တွင် ရေစီးအားကြောင့်မျောပါခြင်း၊ လိမ့်သွားခြင်း စသည်ဖြင့်အန္တရာယ်များလှသည်။ လတ်တလောဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများ၊ လျှပ်တစ်ပြက်ရေကြီးမှုများမှာ မြစ်များ၊ ချောင်းများ၏ အနီးအနားနေရာများ၊ ယခင်ရေစီးဆင်းခဲ့သည့်နေရာများ၊ အနိမ့်ပိုင်းများတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ တစ်သက်တာအတွင်း မကြုံစဖူးဖြစ်ပေါ်သည့် သဘာဝဘေးအန္တရာယ်ဖြစ်ခြင်းကြောင့် လူ၊ တိရစ္ဆာန် စသည်ဖြင့်ထိခိုက်ပျက်စီးမှုများ ရှိကြောင်းလည်း ကြားသိရသည်။
ကျရောက်လာဖွယ်ရှိသည့် သဘာဝဘေးအန္တရာယ်တို့ကိုရှောင်ရှားနိုင်ရန်မှာ အသက်ကို ဉာဏ်စောင့်သည် ဆိုရိုးစကားအတိုင်း သတိတရား၊ ဉာဏ်ပညာ၊ ဗဟုသုတနှင့် ဆင်ခြင်တုံတရားတို့ လိုအပ်သလို သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ချိန်တွင် ကူညီကယ်ဆယ်ရေး၊ ဘေးအန္တရာယ်ကျရောက်ပြီးချိန်တို့တွင် ပြန်လည်ထူထောင်ရေး စသည်တို့တွင် မိမိတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းပါဝင်ကူညီကြရပါမည့်အကြောင်း။ ။