Skip to main content

ဒုတိယဝန်ကြီး ဦးအောင်မြိုင် သဲတော-သပြေတောင်းအကြား ရထားလမ်းပိုင်းရှိ ရေတိုက်စားပြီး ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ရထားလမ်းတာပေါင်နှင့် တံတားများပြုပြင်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းရှိ သဲတော- သပြေတောင်းအကြား ရထားလမ်းပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေတိုက်စားပြီး ပျက်စီးချို့ယွင်းမှုဖြစ်ပေါ်ခဲ့သည့် ရထားလမ်းတာပေါင်များနှင့် ရထာလမ်းတံတားနေရာများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ရန်ကုန်-မန္တလေး ရထားခရီးစဉ်များ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ရထားလမ်းများ၊ တံတားများကို လူအင်အား၊ စက်ယန္တရားအင်အားများအသုံးပြု၍ စနစ်တကျ ပြန်လည်ပြုပြင်သွားရန်၊ ရထားလမ်းတာပေါင်ကျဉ်းသောနေရာများ၊ ရေတိုက်စားထားသော နေရာများတွင် သတ်မှတ်အကျယ်ရရှိအောင် မြေဖို့ဖိကြိတ်ခြင်းများ စနစ်တကျဆောင်ရွက်ရန်နှင့် လမ်းပိုင်းကြံ့ခိုင်မှုကောင်းမွန်အောင် ကျောက်ကြီးများချ၍ ပြုပြင်ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စမုံ-သပြေတောင်းအကြား ပျက်စီးချို့ယွင်းမှုဖြစ်ပေါ်ခဲ့သည့် တံတားအမှတ် ၆၉၁ ၏ အဆန်တံတား ချဉ်းကပ်တာပေါင်၊ ကမ်းကပ်ခုံရေတိုက်စားမှုနှင့် Bored Pile များ အောက်ခြေတွင် ရေတိုက်စားခံရမှု ရှိ/ မရှိ အခြေအနေကို သွားရောက်စစ်ဆေးပြီး တံတားကမ်းကပ်ခုံ ရေတိုက်စားသွားသည့် နေရာတွင် Pile ရိုက်စက်ဖြင့် စနစ်တကျ Sheet Pile ရိုက်၍ သဲမှုတ်သွင်းခြင်းဆောင်ရွက်သွားရန်၊ ပြုတ်ကျသွားသည့် အစုန်တံတား သံပေါင်များနေရာတွင် ယာယီဘေလီတံတားထိုး၍ ပြုပြင်ဆောင်ရွက်သွားရန်၊ သံလမ်းပြန်ခင်းရာတွင်လည်း Alignment မှန်ကန်စေရေးအတွက် သံလမ်းအဖြောင့်ဆွဲခြင်း၊ လမ်းမြှောက်ပါကင်ရိုက်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားရန်၊ လမ်းပိုင်းကြံ့ခိုင်မှုကောင်းမွန်စေရေးတို့ကို စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်နှင့် လိုအပ်သည့် စက်ယာဉ်ယန္တရားများ အမြန်ရောက်ရှိစေရေး စီစဉ်ဆောင်ရွက်ပေးသွားရန် မှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်ကောင်းမွန်အောင် စနစ်တကျပြုပြင်ရန်၊ လိုအပ်သည့်ပစ္စည်းများ လုံလောက်မှုရှိအောင် စီစဉ်ထောက်ပံ့ပေးသွားရန်၊ ပြန်လည်အသုံးပြုနိုင်သည့် ဆယ်တင်ပစ္စည်းများကို အလေအလွင့်မဖြစ်အောင် စနစ်တကျပြန်လည်အသုံးပြုသွားရန်နှင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် ပုံမှန်အတိုင်း လူစီးရထားနှင့် ကုန်ရထားခရီးစဉ်များ အမြန်ပြန်လည်ပြေးဆွဲနိုင်ရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားကြောင်း သတင်းရရှိသည်။

သတင်းစဉ်