ခွေးရူးပြန်ရောဂါ (Rabies) သည် ခွေးရူးပြန်ရောဂါဖြစ်စေသော ရပ်ဘဒိုဗီရီဒေး (Rhabdoviridae) ခေါ် ကျည်ဆန်ထိပ်ဖူးပုံ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ ခွေးရူးပြန်ရောဂါသည် ကူးစက်ဖြစ်ပွားပါက ရာနှုန်းပြည့်သေဆုံးနိုင်သော ရောဂါဆိုးဖြစ်သော်လည်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရာခိုင်နှုန်းပြည့် ကြိုတင် ကာကွယ်နိုင်သည့် ရောဂါလည်းဖြစ်သည်။ ခွေးရူးပြန်ရောဂါ ကူးစက်ဖြစ်ပွားရခြင်း၏ ၉၉ ရာခိုင်နှုန်းမှာ ခွေးကိုက်ခံရခြင်းကြောင့်ဖြစ်ရာ ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါကာကွယ်ဆေး စောစီးစွာထိုးနှံထားရန်လိုကြောင်း ကျန်းမာရေးပညာရှင်များက အကြံပြု လမ်းညွှန်ထားသည်။
ခွေးရူးပြန်ရောဂါသည် အာရှနှင့်အာဖရိက နိုင်ငံများတွင် အဖြစ်များပြီး ဆင်းရဲနွမ်းပါးသည့် ကျေးလက်ဒေသများတွင် ပိုမိုထိခိုက်ခံစားကြရကြောင်း၊ ကမ္ဘာပေါ်တွင် ခွေးရူးပြန်ရောဂါ ကြောင့် ၁၅ မိနစ်တိုင်းတွင် လူတစ်ဦးအသက်ဆုံးရှုံးလျက်ရှိရာ နှစ်စဉ် လူ ၅၅၀၀၀မှ ၇၀၀၀၀ ခန့်အထိ သေဆုံးနေကြကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင်လည်း ခွေးရူးပြန်ရောဂါသည် ပြည်သူ့ကျန်းမာရေးပြဿနာ တစ်ခုသဖွယ်ဖြစ်ပေါ်နေရာ ခွေးများတွင် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်ရန်အတွက် အမျိုးသားစီမံကိန်း(၂၀၁၈- ၂၀၃၀) ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်ခွေးရူးကိုက်ခံရမှု နှစ်သိန်းနီးပါးခန့်ရှိပြီး သေဆုံးသူ ၇၀ မှ ၈၀ ခန့်ရှိနေရာ အိမ်မွေးတိရစ္ဆာန်ခွေး၊ ကြောင် စသည်တို့ကို ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးထားခြင်းဖြင့် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးမှုကို လျှော့ချနိုင်မည်ဖြစ်သည်။
ခွေးရူးပြန်ရောဂါဖြစ်ပွားနေသည့် တိရစ္ဆာန်၏ တံတွေးထဲတွင် ခွေးရူးပြန်ရောဂါပိုး အများအပြားပါဝင်နေပြီး ၎င်းက လူ သို့မဟုတ် အခြားတိရစ္ဆာန်ကို ကိုက်သောအခါ ဒဏ်ရာထဲသို့ တံတွေးမှ ရောဂါပိုးများ ဝင်ရောက်သွားပြီး ရောဂါကူးစက်ခံရခြင်းဖြစ်သည်။ ရောဂါပိုးသည် အာရုံခံနာဗ်ဆဲလ်များမှတစ်ဆင့် တစ်ရက်လျှင် တစ်စင်တီမီတာနှုန်းဖြင့် ဦးနှောက်ဆီသို့ ပျံ့နှံ့သွားခြင်းဖြစ်ရာ ဦးနှောက်တွင်းသို့ ပိုးရောက်ရှိချိန်တွင် မည်သို့မျှ ကုသ၍မရနိုင် တော့ဘဲ အသက်ဆုံးရှုံးရခြင်းဖြစ်သည်။ ခွေးရူးပြန်ဖြစ်ပွားနေသည့် တိရစ္ဆာန်များသည် ဒေါသအလွန်ကြီးပြီး ကိုက်တတ်ခြင်း၊ တုတ်ချောင်း၊ အမှိုက်စ၊ စက္ကူတို့အား ကိုက်ဝါးခြင်း၊ အသံအက်ဖြင့် ဟောင်ခြင်း၊ အူခြင်း၊ သွားရည်တစီစီ ကျခြင်း၊ အမြီးကုပ်ခြင်း စသည့်လက္ခဏာများကို တွေ့ရနိုင်သည်။
ခွေးရူးပြန်ရောဂါပိုးရှိသည့် ခွေး၊ ကြောင် စသည့်တိရစ္ဆာန်များ ၏ ကုတ်ခြင်း၊ ကိုက်ခြင်းတို့ ခံရခြင်း၊ ၎င်းတိရစ္ဆာန်များ၏သွားရည်နှင့် မိမိတွင်ရှိသည့် အနာ၊ ဒဏ်ရာများကို ထိမိခြင်း၊ ခွေးရူးပြန် ရောဂါကြောင့် သေဆုံးသူထံမှ မျက်ကြည်လွှာ အပါအဝင်ခန္ဓာကိုယ် အစိတ်အပိုင်းများအား အစားထိုးကုသမှုခံယူခြင်းတို့ကြောင့် ခွေးရူးပြန်ရောဂါကူးစက်နိုင်ခြင်းဖြစ်ရာ ခွေးရူးကာကွယ်ဆေး ထိုးမထားသော အိမ်မွေးတိရစ္ဆာန်များနှင့် လမ်းဘေးလေလွင့် ခွေးကြောင်များကို ကိုင်တွယ်ခြင်းမပြုရန် သတိထားကြရမည်ဖြစ်သည်။ ခွေးရူးပြန်ရောဂါကာကွယ်နိုင်ရန်မှာ အိမ်မွေးခွေးနှင့် ကြောင်တို့ကို ခွေးရူးပြန်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေးခြင်းနှင့် ခွေး၊ ကြောင် တိရစ္ဆာန်များနှင့် အနီးကပ်ကိုင်တွယ်သူများကို ခွေးရူးပြန်ကာကွယ်ဆေး ကြိုတင်ထိုးနှံပေးရန်၊ လိုအပ်ပါက ထပ်မံထိုးနှံပေးရန်လိုသည်။
မြန်မာနိုင်ငံတွင် ခွေးရူးပြန်ရောဂါအဖြစ်များသည့် ဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ဖြစ်ရာ လူနေထူထပ်ခြင်း၊ လူနှင့်အနီးကပ်နေထိုင်သည့် ခွေးကောင်ရေများပြားခြင်းတို့နှင့် ဆက်နွှယ်နေသည်ဟုဆိုနိုင်သည်။ ခွေးရူးပြန်ရောဂါ ကူးစက်ခြင်း၏ အကြောင်းရင်းခံမှာ ခွေးကိုက်ခံရခြင်းပင်ဖြစ်ရာ လေလွင့်ခွေးများ ထိန်းချုပ်ခြင်း၊ ရောဂါကာကွယ်ဆေးများ ထိုးနှံခြင်းနှင့် အိမ်မွေးတိရစ္ဆာန်များကို စည်းကမ်းစနစ်တကျ မွေးမြူခြင်းတို့ဖြင့် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ဖြစ်သော ၂၀၃၀ ပြည့် နှစ်တွင် ခွေးရူးရောဂါ လူ၌ကူးစက်မှု သုညအထိလျှော့ချနိုင်ရေး အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း။ ။