Skip to main content

ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေး

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ကြီး တည်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် ယမန်နှစ် အောက်တိုဘာ ၁ ရက် ခန့်မှန်းချက်အရ လူဦးရေကိုးသန်း နေထိုင်ကြသည်ဟု သိရသည်။ ယင်းအနက် ၆၀ ရာခိုင်နှုန်းကျော်သည် မြို့ပေါ်တွင် နေထိုင်ကြပြီး ကျန် ၃၀ ရာခိုင်နှုန်းကျော်သာလျှင် တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများအတွင်း နေထိုင်ကြခြင်းဖြစ်သည်။ ရန်ကုန်သည် လူဦးရေထူထပ်သိပ်သည်းမှုအမြင့်ဆုံး၊ စက်မှုဇုန်အများဆုံး၊ ကုန်ထုတ်လုပ်မှုအများဆုံး၊ မော်တော်ယာဉ်အများဆုံး၊ စွမ်းအင်နှင့်ရေသုံးစွဲမှုအများဆုံး၊ စွန့်ပစ်ပစ္စည်းထွက်ရှိမှုအများဆုံး၊ မီးလောင်ကျွမ်းမှုနှင့် မှုခင်းအများဆုံးသော တိုင်းဒေသကြီးလည်းဖြစ်သည်။

နိုင်ငံ၏ အဓိက နိုင်ငံတကာဝင်ထွက်ပေါက်၊ နိုင်ငံ၏မျက်နှာစာဖြစ်သော ရန်ကုန်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးမှာ လွန်စွာအရေးကြီးသည်။ ပြီးခဲ့သည့် အစိုးရနှစ်ဆက်ကာလအတွင်း ရန်ကုန်မြို့ပြနယ်နိမိတ်တွင် မှုခင်းဖြစ်ပွားမှုများ မြင့်တက်ခဲ့ရာ ပြည်သူလူထုအတွင်းမှ ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။ မြို့လယ်ကောင်၊ လူစည်ကားရာအရပ်နှင့် အများပြည်သူသုံး ဘတ်စ်ကားများပေါ်တွင်ပါမရှောင် ရာဇဝတ်မှုကျူးလွန်သူတို့က အုပ်စုဖွဲ့၍ ရမ်းရမ်းကားကားပြုမူခဲ့ကြရာ ယင်းအပြုအမူများနှင့်စပ်လျဉ်း၍ ပြည်သူလူထုက သက်ဆိုင်ရာတာဝန်ရှိသူများအပေါ် ပြစ်တင်မှုများ၊ ဥပဒေမဲ့ လက်တုံ့ပြန်ရန်ပြောဆိုမှုများ လူမှုကွန်ရက်များပေါ်၌ ထွက်ပေါ်လာခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွင် ဖြစ်ပေါ်လာသည့် ဆန္ဒပြပွဲများ၊ ဆူပူသောင်းကျန်းမှုများနှင့်အတူ CRPH၊ NUG အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများ ပေါ်ပေါက်လာပြီး စစ်ရေးနှင့်မသက်ဆိုင်သည့် ပြည်သူများကို သူလျှို၊ ဒလန်၊ ဒေါက်တိုင် စသည်ဖြင့် အမည်အမျိုးမျိုး ခေါင်းစဉ်တပ်စွပ်စွဲကာ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြသလို ပြည်သူလူထုကို အကြောက်တရားဖြင့် လွှမ်းမိုးနိုင်စေရန် မြို့ပေါ်အကြမ်းဖက်လုပ်ရပ်အမျိုးမျိုးတို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။ ရန်ကုန်တွင် ဒုစရိုက်မှုခင်းများအပြင် နိုင်ငံရေးနောက်ခံဖြင့် အကြမ်းဖက်မှုများပါ ပေါ်ပေါက်လာခြင်းပင်ဖြစ်သည်။ လက်ရှိအချိန်အထိ ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းတွင် လုပ်ကြံသတ်ဖြတ်မှုများကြောင့် ရဟန်းသံဃာများ၊ ကျောင်းဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများ၊ အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီဝင်များအပါအဝင် သေဆုံးသူစုစုပေါင်း ၈၀၀၀ ကျော်အထိ ရှိလာခဲ့ပြီဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာတွင် “လုံခြုံရေးနှင့်ပတ်သက်၍ ပြီးပြည့်စုံသည့် လုံခြုံရေးဟူ၍မရှိဘဲ ပြည်သူလူထုပါဝင်သည့် လုံခြုံရေးသည် ပိုမိုခိုင်မာအားကောင်းနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူ့လုံခြုံရေးသည် လုံခြုံရေးဆိုင်ရာလုပ်ငန်းများကို ပြည်သူများက အသိရှိရှိဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ ပြည်သူများက လုံခြုံရေးဆိုင်ရာများနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးမည်ဆိုပါက လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့်လည်း လုံခြုံရေးအသိ၊ လုံခြုံရေးအမြင်ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုများကို တားဆီးနိုင်မည်၊ လျော့ကျစေနိုင်မည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

နယ်မြေဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆောင်ရွက်ရာတွင် ဒေသခံပြည်သူလူထု ပူးပေါင်းပါဝင်လာရန် အရေးကြီးသည်။ အကြမ်းဖက်သမားများ မိမိတို့ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ စိမ့်ဝင်လာမှုမရှိစေရေး၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နိုင်မှု မရှိစေရေးအတွက် ပြည်သူလူထုအတွင်း အသိအမြင်၊ အတွေးအခေါ် မှန်ကန်စေရန် အသိပညာပေးခြင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆောင်ရွက်ရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင်လာစေရန် စည်းရုံးခြင်းဖြင့် အမာခံနယ်မြေတစ်ခုဖြစ်လာစေရန် အခိုင်အမာ တည်ဆောက်ထားရန်လည်းလိုသည်။ တစ်ဖက်တွင်လည်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်မှုအပေါ် ကောလာဟလများ၊ သတင်းတု သတင်းမှားများ ထုတ်လွှင့်၍ လုံခြုံရေးအဖွဲ့အစည်းများအပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန်၊ ယုံကြည်မှုပျက်ပြားစေရန် မီဒီယာနည်းလမ်းများဖြင့် ကောက်ကျစ်စဉ်းလဲစွာ ပြုလုပ်နေမှုများအပေါ်တွင်လည်း မှန်ကန်စွာ တုံ့ပြန်ချေဖျက်နိုင်ရန်နှင့် သတင်းအမှန်များ အချိန်နှင့်တစ်ပြေးညီ ပြည်သူလူထုထံအရောက် ထုတ်ပြန်ပေးနိုင်ရန် လိုအပ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အန္တိမရည်မှန်းချက်ဖြစ်သော ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ အနိုင်ရသည့်အစိုးရကို နိုင်ငံတော်၏ အာဏာများ ပြန်လည်အပ်နှင်းသွားနိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များချမှတ်၍ တစိုက်မတ်မတ် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အနှောင့်အယှက်၊ အခက်အခဲ၊ အတားအဆီးဟူသမျှ ရင်ဆိုင်ချေမှုန်း ကျော်လွှားသွားရမည်သာဖြစ်ကြောင်းနှင့် မိမိတို့ နေထိုင်ရာဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးတွင် ဒေသခံပြည်သူအားလုံး အသိရှိရှိ ပူးပေါင်းပါဝင်ကြရပါမည့်အကြောင်း။ ။