ဒုတိယကမ္ဘာစစ်ကြီးပြီးစ ၁၉၄၅ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ကြီးကို နိုင်ငံပေါင်း ၅၀ ကျော်ဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လူသားတို့၏ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးသော အနိဋ္ဌာရုံများကို ဖြစ်ပေါ်စေခဲ့သည့် ကမ္ဘာစစ်ကြီးများ အနာဂတ်တွင် ထပ်မံမဖြစ်ပွားစေရန်၊ ငြိမ်းချမ်းသည့် ကမ္ဘာကြီးတည်ဆောက်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် တည်ထောင်ခဲ့သည့် ကုလသမဂ္ဂအဖွဲ့ကြီးမှာ တစ်ဖက်တွင်လည်း နိုင်ငံကြီးများ အုပ်စုဖွဲ့အားပြိုင်ရာ၊ သံခင်းတမန်ခင်းလှုပ်ရှားရန် အသုံးချစရာ စင်မြင့်တစ်ခုလည်း ဖြစ်ခဲ့သည်။
၁၉၄၆ ခုနှစ် နှစ်ဦးပိုင်းတွင် ကျင်းပခဲ့သည့် ဖဆပလအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာညီလာခံ (အလယ်ပစ္စယံညီလာခံ) ၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းတစ်နေရာတွင် “နိုင်ငံပေါင်းစုံ ကုလသမဂ္ဂသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့လုံခြုံရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်သော အဖွဲ့ကြီးဖြစ်လိုခဲ့ပါလျှင် နိုင်ငံကြီး နိုင်ငံငယ် စက်ဆုပ်ဖွယ်ကောင်းသော အတန်းအစားခွဲခြင်းတို့ကို ပပျောက်အောင် ပြုလုပ်သင့်ကြပေပြီ။” ဟူ၍ တွေ့ရှိရသည်။ ဆက်လက်၍လည်း နိုင်ငံကြီး နိုင်ငံငယ်ဆိုရာ၌ နိုင်ငံအကျယ်အဝန်းအရလည်းကောင်း၊ လူဦးရေအရလည်းကောင်း ကျယ်ဝန်းကြီးမားသည့် အိန္ဒိယကို နိုင်ငံကြီးဟုမသတ်မှတ်ဘဲ ဂျပန်၊ အီတလီတို့ကို နိုင်ငံကြီးအဖြစ် သတ်မှတ်ခဲ့ခြင်းကိုလည်း ဝေဖန်ထောက်ပြခဲ့သည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ကုလသမဂ္ဂသည် ရည်ရွယ်ချက်ကောင်းများဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးတစ်ခုဖြစ်သော်ငြား အင်အားကြီးနိုင်ငံအချို့တို့၏ မဟာဗျူဟာ အကျိုးစီးပွားများအတွက် ခုတုံးလုပ်စရာဖြစ်ခဲ့သည်မှာ ၎င်းကို တည်ထောင်စအချိန်မှစ၍ နှစ်ပေါင်း ၈၀ ခန့်ကြာ မျက်မှောက်ကာလထိအောင်ဖြစ်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ကုလသမဂ္ဂနှင့် လက်အောက်ခံအေဂျင်စီများ၊ အဖွဲ့အစည်းများအတွင်း ဝင်ရောက်ခြယ်လှယ်နေသည့် အင်အားကြီးနိုင်ငံအချို့နှင့် အပေါင်းအပါ နိုင်ငံအဖွဲ့အစည်းများ၏ ကြိုးကိုင်မှုများကြောင့် တစ်ဖက်စောင်းနင်း ဘက်လိုက်မှု၊ မမျှတမှုများလည်း ပေါ်ပေါက်လာသည်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြီးခဲ့သည့်စက်တင်ဘာ ၉ ရက်မှ အောက်တိုဘာ ၁၁ ရက်အတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (၅၇) ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲတို့လည်း ပါဝင်သည်။ အဆိုပါ အပြန်အလှန်ဆွေးနွေးပွဲနှစ်ရပ်လုံးသည် မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ အတည်မပြုနိုင်သည့် အချက်အလက်များနှင့် အထင်အမြင်လွဲမှားစေသည့်အချက်များအပေါ် အခြေခံသည့် စွပ်စွဲချက်များအပေါ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စွပ်စွဲခံနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမပါဝင်ဘဲ၊ တစ်နည်းအားဖြင့် ခုခံခွင့်၊ ချေပခွင့်မရဘဲ ပြုလုပ်ခဲ့ခြင်းဖြစ်ရာ ကိုယ့်ဖဲကိုယ်ချိုးပြီး ကိုယ့်ဘာသာကိုယ် ရိုက်ခဲ့ကြခြင်းပင်ဖြစ်သည်။
ဂျီနီဗာမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား(IIMM)ကို လူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၎င်းထက်တစ်နှစ်စောကာ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) ဆိုသည်ကိုလည်း ဖွဲ့စည်းခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာအတွင်း သက်တမ်းကုန်ခဲ့သည်။ FFM သည် ဘင်္ဂါလီအရေးကိုအကြောင်းပြကာ မြန်မာနိုင်ငံကို နိုင်ငံရေးအရဖိအားပေးရန် ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးကောင်စီတို့နောက်မှ လက်မည်းကြီးများက ဖန်တီးခဲ့ကြခြင်းဖြစ်ပြီး ဆက်လက်၍ IIMM ကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၅ သန်း အကုန်အကျခံကာ သက်တမ်းအကန့်အသတ်မရှိ ဖန်တီးထားကြခြင်းဖြစ်သည်။ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှုစသော စကားလုံးများကို ရေလဲနှင့်သုံးနေသော်လည်း ယင်းစကားလုံးများသည် မြန်မာနိုင်ငံကိုဖိအားပေးရန် အသုံးပြုခြင်းသက်သက်မျှသာဖြစ်သကဲ့သို့ မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်စေရန် စေတနာမပါ။
အဆိုးဆုံးမှာ မြန်မာနိုင်ငံတွင် အကြမ်းဖက်အဖွဲ့အစည်းများ ကျူးလွန်နေသည့် အကြမ်းဖက်မှုလုပ်ရပ်များ၊ အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်မှုများကို ပေါ့ပေါ့တန်တန်သဘောထားခြင်း၊ လျှော့ပေါ့ခြင်းအားဖြင့် နောက်ထပ်ကျူးလွန်မည့် အကြမ်းဖက် လုပ်ရပ်များအပေါ် အားပေးရာရောက်သည့် ဆောင်ရွက်ချက်များကို လူ့အခွင့်အရေးကောင်စီ မဟာမင်းကြီးကဲ့သို့သောပုဂ္ဂိုလ်က ပြုမူခဲ့ခြင်းသို့မဟုတ် ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ စသော အဂတိအမှုကို ကျူးလွန်ခဲ့ခြင်းပင်ဖြစ်ရာ မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ အစီရင်ခံမှုများ၊ ဆွေးနွေးမှုများတွင် အဂတိကင်းစင်စွာ အပြုသဘောစိတ်စေတနာဖြူစင်စွာဖြင့် ဆောင်ရွက်ကြရေး မြန်မာပြည်သူလူထုကိုယ်စား တိုက်တွန်းအပ်ပါကြောင်း။ ။