ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုနှင့် ကမ္ဘာကြီးကို ၎င်းတို့အလိုရှိသလို ထိန်းကျောင်းမောင်းနှင်နိုင်ရေးကြိုးပမ်းမှုများတွင် Hard Power ခေါ် စစ်ရေးအင်အားကြီးမားအောင် အပြိုင်အဆိုင် တည်ဆောက်ကြသကဲ့သို့ Soft Power ခေါ် စာပေ၊ ဂီတ၊ အဆို၊ အက၊ ရုပ်ရှင်အနုပညာ၊ ယဉ်ကျေးမှုအားဖြင့်လည်း လွှမ်းမိုးထားနိုင်ရန်လည်း ဆောင်ရွက်ကြသည်။ ယဉ်ကျေးမှု ထိုးဖောက်လွှမ်းမိုးစေသည့် နည်းလမ်းသည် ရှေးယခင် ကိုလိုနီနယ်ချဲ့ခေတ်ကတည်းကပင် ကျင့်သုံးခဲ့ကြသည့် နည်းလမ်းအဟောင်းတစ်ခုပင်ဖြစ်သော်ငြားလည်း နည်းပညာတိုးတက် ဖွံ့ဖြိုးလာသည့် ယနေ့ခေတ်တွင် လွန်စွာလျင်မြန်ကျယ်ပြန့်လာသည်။ အနောက်တိုင်းယဉ်ကျေးမှုပုံစံများဖြင့် မွေးနေ့ပွဲ၊ မင်္ဂလာဆောင်ပွဲများကျင်းပခြင်း၊ Valentine Day ၊ Halloween Day အလေ့အထများ လက်ခံကျင့်သုံးလာခြင်း၊ New Year ပွဲတော်ကျင်းပခြင်း စသည့်ဓလေ့ထုံးစံများ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ထိုးဖောက်ဝင်ရောက်လာသည်။
ယဉ်ကျေးမှုအသစ်အဆန်းများကို လက်ခံကျင့်သုံးသူများမှာ မူလသဘာဝအားဖြင့်ပင်လျှင် အသစ်အဆန်းကို ရှာဖွေ တတ်သော၊ အပြောင်းအလဲကိုလိုလားသော လူငယ်များသာလျှင် ဖြစ်သည်။ လူငယ်များ၏ နေ့စဉ်ဘဝများတွင် ပြည်ပမှဝင်ရောက်လာသည့် ယဉ်ကျေးမှုလွှမ်းမိုးလာသည်နှင့်အမျှ မိမိတို့၏ လူမှုအဖွဲ့အစည်းကိုပါ တစ်စစနှင့် ပြောင်းလဲသွားစေသည်။ ကောင်းသည့်အပြောင်းအလဲသည် မျိုးဆက်သစ် လူငယ်များနှင့်၎င်းတို့ရှင်သန်ရာ လူ့အဖွဲ့အစည်းကို ကောင်းကျိုးဖြစ်ထွန်းစေနိုင်သော်လည်း မကောင်းသည့်အပြောင်းအလဲကမူ အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်သည်။ လူတို့၏တန်ဖိုးထားမှုနှင့်အတူ ယဉ်ကျေးမှုများပြောင်းလဲကြသည့် သဘောသဘာဝ ရှိသော်လည်း မိမိလူမျိုး၏အမှတ်လက္ခဏာဖြစ်သော အမျိုးဂုဏ်၊ ဇာတိဂုဏ်လည်းဖြစ်သော ရိုးရာယဉ်ကျေးမှုများကိုမူ မပျောက် မပျက်စေရန် မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ လက်ဆင့်ကမ်း ထိန်းသိမ်းသွားကြရန်လိုသည်။
“နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားယဉ်ကျေးမှု (National Culture)၊ အမျိုးသားရေးစိတ်ဓာတ် (National Spirit) နှင့် တန်ဖိုးထားမှုစနစ် (Value System) များသည် ဒေသတစ်ခု၏ အချုပ်အနှောင်မဲ့ တိုးတက်မှု(Independent Development)အတွက် လွန်စွာအရေးပါသည့် အခြေခံအကြောင်းတရားများပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ပမှယဉ်ကျေးမှုများထိုးဖောက် ဝင်ရောက်လာနေမှုများကို အမျိုးသားရေးအမြင်ဖြင့် ရှုမြင်ကြရမည်ဖြစ်ပြီး အန္တရာယ်ရှိနေသည်ကို သတိထားကြရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ၌ အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ ခေတ်သစ်ကိုလိုနီစနစ်ဖြင့် ပြည်ပဩဇာလွှမ်းမိုးမှုများမှ ကာကွယ်နိုင်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လွန်စွာအရေးကြီးသည့် မိမိတို့၏ယဉ်ကျေးမှုကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက် ကြရမည်ဖြစ်သည်။
နည်းပညာတိုးတက်မှုကို အခြေပြုကာ နိုင်ငံတကာယဉ်ကျေးမှုများ အပြန်အလှန်စီးဆင်းကြရာတွင် မိမိနိုင်ငံ၊ မိမိတို့လူမျိုး၏ အမှတ်လက္ခဏာယဉ်ကျေးမှုများကို မြှင့်တင်ကြရန် မိမိတို့အားလုံး အားထုတ်ကြိုးပမ်းကြရမည်လည်းဖြစ်သည်။ နိုင်ငံတကာမှ အတားအဆီးမရှိ ဝင်ရောက်လာနေသည့် ယဉ်ကျေးမှု အဆိုး၊ အကောင်းများထဲမှ မိမိနိုင်ငံနှင့် လူမျိုးအတွက် ကောင်းကျိုးဖြစ်ထွန်းစေသည့် အရာတို့ကိုသာ ရွေးချယ်လက်ခံကြရန်နှင့် မိမိတို့ ရေ၊ မြေ၊ ဓလေ့ထုံးတမ်းတို့နှင့် ကိုက်ညီစေရန် ပြုပြင်ပြီး ယဉ်ကျေးမှုအသစ်ကို မွေးစားယူရမည်ဖြစ်သည်။
တိုင်းတစ်ပါးယဉ်ကျေးမှု ထိုးဖောက်ဝင်ရောက်မှုအန္တရာယ်ကို တားဆီးကာကွယ်နိုင်စေရန် မိမိနိုင်ငံ၊ မိမိလူမျိုးတို့၏ ကြီးမားသည့် သမိုင်းအစဉ်အလာ၊ မြင့်မားသည့် ယဉ်ကျေးမှုအဆင့်အတန်းတို့ကို မျိုးဆက်သစ်များက ဆက်လက်သယ်ဆောင်ထိန်းသိမ်း၍ ကမ္ဘာ့အလယ်တွင် ဝင့်ထည်နိုင်ပါစေကြောင်း။ ။