အမှိုက်သရိုက်များရှုပ်ပွနေသည့် လမ်းမ၊ လမ်းသွယ်များနှင့် လူသွားစင်္ကြံပေါ် ပိတ်ဆို့ရောင်းချနေကြသည့် ဈေးသည်များ၊ စည်းကမ်းမဲ့မောင်းနှင်ပြီး ရပ်ချင်သလိုရပ်ထားသည့် ကားများ၊ သွယ်တန်းချင်သလိုသွယ်တန်းထားပြီး မြင်မကောင်းအောင်ရှုပ်ထွေးနေသည့် မီးကြိုး၊ ဖုန်းကြိုး၊ ဆက်သွယ်ရေးကြိုးများ၊ မိုးစင်စင်လင်းပြီးသည့်တိုင် မီးမပိတ်သေးသည့် ဓာတ်မီးတိုင်များ၊ အနံ့ဆိုးများထွက်ပေါ်နေပြီး ဘေးသို့လျှံကျနေသည့် အမှိုက်ပုံးများ စသည် စသည်ဖြင့် ပရမ်းပတာမြင်ကွင်းများနှင့် စည်းမဲ့ကမ်းမဲ့ လူ့အဖွဲ့အစည်းမျိုးကို မည်သူမျှနှစ်မြို့ကြမည်မဟုတ်။ သို့သော် ပြည်သူလူထုအတွင်း ပြည်သူ့တာဝန်ကို သိရှိကျေပွန်သူတို့ နည်းပါးသည့်အခါ၊ ဝန်ထမ်းများလည်း တာဝန်မကျေပွန် သည့်အခါတွင် ထိုလူ့အဖွဲ့အစည်းမျိုးမှာ အထက်တွင်ဖော်ပြခဲ့သည့် မြင်ကွင်းမျိုးကို နေ့စဉ်ရှောင်မလွတ်အောင် မြင်တွေ့နေ ကြရမည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ကြသူများမှာ နိုင်ငံသားပြည်သူများပင်ဖြစ်ရာ နိုင်ငံသားတိုင်းကောင်းမွန်မှ နိုင်ငံကိုလည်း ကောင်းမွန်အောင်တည်ဆောက်နိုင်မည်ဖြစ်သည်။ အထူးသဖြင့် ဒီမိုကရေစီစနစ်ကျင့်သုံးသည့်နိုင်ငံတွင် ပြည်သူတစ်ဦးချင်းစီက အတွေးအခေါ်မှန်ကန်ရန်၊ အပြုအမူမှန်ကန်ရန်၊ နိုင်ငံတည်ဆောက်ရေးတွင် တက်ကြွစွာပါဝင်ရန်၊ ပြည်သူ့တာဝန်ကျေပွန်ကြရန်လိုသည်။ လူတိုင်း မိမိကိုယ်ကိုမိမိတာဝန်ယူခြင်းဖြင့် လူ့အဖွဲ့အစည်းကို စည်းကမ်းတကျဖြစ်စေကာ လူ့ဘောင်တစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်စေရမည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံ တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားကောင်းများလေ့ကျင့်မွေးမြူရေးကို ဦးစွာဆောင်ရွက်ကြရန် လိုအပ်သည်။
ပြည်သူ့တာဝန်ဆိုသည်မှာ လူတိုင်းလူတိုင်း မိမိပါဝင်သည့် လူ့အဖွဲ့အစည်း သို့မဟုတ် လူအများ၏အကျိုးအတွက် မိမိဆောင်ရွက်ရမည့် တာဝန်များပင်ဖြစ်ပြီး ယင်းတာဝန်များကို လူတိုင်းကနားလည်ကြရန်လိုအပ်သည်။ မိမိအိမ်မှ စွန့်ပစ်လိုက်သည့် အမှိုက်ကို အမှိုက်အိတ်အတွင်း ထည့်သွင်း၍ အမှိုက်ပုံးအထိရောက်ရှိအောင် စနစ်တကျစွန့်ပစ်ခြင်းသည် မိမိတာဝန်၊ မြို့ပြသန့်ရှင်းလှပရေး၊ စည်ပင်သာယာရေးအတွက် ချမှတ်ထားသည့်စည်းကမ်းများကို လိုက်နာခြင်းသည် မိမိတာဝန်၊ မော်တော်ယာဉ်မောင်းနှင်ရာတွင်လည်းကောင်း၊ လမ်းပေါ် သွားလာရာတွင်လည်းကောင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ မောင်းနှင်သွားလာခြင်းသည် မိမိတာဝန်၊ သတ်မှတ်ထားသည့် အခွန်အခများကို မှန်ကန်စွာထမ်းဆောင်ခြင်းသည် မိမိတာဝန် စသည်ဖြင့် ပြည်သူတစ်ဦးအနေဖြင့် အများနှင့်သက်ဆိုင်သည့် တာဝန်၊ ဝတ္တရားများရှိနေရာ ယင်းတာဝန်များကို ကျေပွန်ကြရန်လိုသည်။ ပြည်သူတိုင်း ပြည်သူ့တာဝန်ကို သိနားလည်မှုမြင့်မားလာပြီး ပြည်သူ့တာဝန် ကျေပွန်လာကြသည်နှင့်အမျှ ဒီမိုကရေစီယဉ်ကျေးမှုရေချိန်လည်း မြင့်မားလာမည်သာဖြစ်သည်။
ဆန့်ကျင်ဘက်အားဖြင့် နိုင်ငံတွင် ဗဟုသုတနှင့် ဉာဏ်ပညာ နည်းပါးသူ၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိသူ၊ အတွေးအခေါ်နှင့် ဆင်ခြင်တုံတရားချို့တဲ့သူ၊ တီထွင်ဖန်တီးကြံဆနိုင် သည့် စွမ်းရည်နိမ့်ကျသူ၊ သူတစ်ပါးပြောသမျှ ယုံကြည်လက်ခံပြီး နောက်ယောင်လိုက်သူ စသည်ဖြင့် အရည်အချင်းချို့ယွင်းသူ နိုင်ငံသားပြည်သူများပြားနေမည်ဆိုပါက နိုင်ငံကို အဆင့်မြင့်မားတိုးတက်အောင် တည်ဆောက်နိုင်ရန် လွန်စွာခဲယဉ်းနိုင်မည်ဖြစ်သည်။ ထို့အပြင် ဖွံ့ဖြိုးတိုးတက်မှုလေးလံနှေးကွေးသည့် နိုင်ငံတစ်နိုင်ငံအဖြစ်မှ ရုန်းထွက်ရာတွင် “ဆင်းရဲနွမ်းပါးမှု” ကိုပါ အကြီးဆုံးရန်သူအဖြစ် တစ်ပါတည်း တိုက်ဖျက်နိုင်မှသာ စီးပွားရေးနိမ့်ကျမှု၏ နောက်ဆက်တွဲပြဿနာဖြစ်သော နိုင်ငံသားကောင်း နည်းပါးချို့တဲ့သည့် ပြဿနာကိုပါ ဖယ်ရှားရှင်းလင်းနိုင်မည်ဖြစ်သည်။
နိဂုံးချုပ်အားဖြင့်ဆိုရလျှင် နိုင်ငံသားတိုင်း ပြည်သူ့တာဝန် သိရှိနားလည်ကြရန်နှင့် ပြည်သူတစ်ယောက်အနေဖြင့် ပြည်သူ့တာဝန်ကျေပွန်ကြရန်၊ ဝန်ထမ်းတစ်ယောက်အနေဖြင့်လည်း တာဝန်ကျေပွန်သည့် ဝန်ထမ်းကောင်းများဖြစ်ကြရန်ပင်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံသားတစ်ဦးအနေဖြင့် နိုင်ငံသားအခွင့်အရေးများရရှိခြင်းနှင့်အတူ ထမ်းဆောင်ကြရမည့် တာဝန်ဝတ္တရားများကိုလည်း နိုင်ငံသားကောင်းပီသစွာ ကျေပွန်ကြရပါမည့်အကြောင်း။ ။