Skip to main content

ဦးထမ်းပဲ့ထမ်း တာဝန်ထမ်းဆောင်

နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံသားတိုင်းထမ်းဆောင်ကြရမည့် တာဝန်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို စောင့်ထိန်းရန်တာဝန်ရှိကြောင်း ပြဋ္ဌာန်းထားသည့်အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်ဟူ၍လည်းကောင်း၊ နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟူ၍လည်းကောင်း ပြဋ္ဌာန်းချက်များပါရှိသည်။

“မျက်မှောက်ကာလ မြန်မာ့အခြေအနေ ကမ္ဘာ့အခြေအနေတို့အရ မြန်မာနိုင်ငံသားတိုင်း ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လူမျိုး၊ ကိုယ့်အချုပ်အခြာအာဏာကို ကာကွယ်ရန် အချိန်ကျရောက်လာ ပြီဖြစ်ကြောင်း၊ ပြည်သူတစ်ယောက်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကြီးတစ်ခုလုံးနှင့် နိုင်ငံသူ နိုင်ငံသားအားလုံးကို ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် အမျိုးသားရေး တာဝန်လည်းဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၆) ကျောင်းသား ကျောင်းသူများကို တွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ နိုင်ငံသားတိုင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို မပျက်မကွက် ပါဝင်ထမ်းဆောင်ခြင်းဖြင့် အမျိုးသားရေးတာဝန်ကို ကျေပွန်ကြရမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် မိမိတို့နိုင်ငံ၏ ကာကွယ်ရေးနှင့် လုံခြုံရေးအင်အားများ တောင့်တင်းခိုင်မာရန်အတွက် ပြည်သူများက တစ်တပ်တစ်အား ပူးပေါင်းပါဝင်ရန် လိုအပ်လျက်ရှိသည်။ ပြည်တွင်းရှိ အချို့သောတိုင်းရင်းသားအမည်ခံ လက်နက်ကိုင်သောင်းကျန်းသူ အဖျက်သမားများ၊ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြည်နယ်အချို့နှင့် တိုင်းဒေသကြီးအချို့ရှိ မြို့ရွာဒေသအချို့တွင် ဒေသခံတိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေရသည်။ ဒေသတွင်းရှိ ကျောင်းသားကျောင်းသူများ၏ ပညာသင်ကြားခွင့်များ ဆုံးရှုံးနေကြရသည့်အပြင် အများပြည်သူ၏ လူမှုစီးပွားဘဝများလည်း အကြီးအကျယ်ထိခိုက်ဆုံးရှုံးလျက်ရှိသည်။ ထို့အပြင် လမ်းတံတား၊ အခြေခံအဆောက်အအုံများ၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက်အအုံများ၊ အများပြည်သူနေအိမ်များ ပျက်စီးဆုံးရှုံးမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။

ယနေ့ ကမ္ဘာ့အခြေအနေကိုကြည့်မည်ဆိုပါကလည်း အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုများနှင့် နိုင်ငံငယ်များ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြယ်လှယ်မှုများ၊ အင်ဒို-ပစိဖိတ်ဒေသတွင်း တင်းမာမှုများ၊ အခြားနိုင်ငံများပါ ပါဝင်ပတ်သက်နေသည့် ရုရှား-ယူကရိန်းစစ်ပွဲ၊ တစ်စထက်တစ်စ ကျယ်ပြန့်လာနေသည့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတို့ကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ပြီး ယင်းတို့အနက်မှ စစ်မီးတောက်တစ်ခုခုက တစ်ကမ္ဘာလုံးအထိ ကူးစက်သွားနိုင်သည့်အရေးကို ရှုမြင်သုံးသပ်မှုများကလည်းရှိနေသည်။ မိမိတို့၏အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများအပါအဝင် ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံများတွင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ကာကွယ်နိုင်ရေးအတွက် ကာကွယ်ရေးစွမ်းအားများကို နိုင်ငံအလိုက် မြှင့်တင်တည်ဆောက်လျက်ရှိသည်ကို တွေ့ရသည်။

အထက်တွင်ဆိုခဲ့သည့်အတိုင်း ပြည်တွင်းပြည်ပ အခြေအနေများက မိမိတို့နိုင်ငံ၏ ကာကွယ်ရေးစွမ်းအားကို မြှင့်တင်တည်ဆောက်ရန် တောင်းဆိုနေပြီဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးတွင် အဓိကတာဝန်ရှိသူမှာ တပ်မတော်ဖြစ်ပြီး နိုင်ငံသားပြည်သူများက ပြည်သူ့အားဖြင့် ပူးပေါင်းကူညီရန် တာဝန်ရှိသည်။ ထို့အပြင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး တာဝန်များကိုလည်း ပြည်သူနှင့် တပ်မတော်အတူတကွ ဦးထမ်းပဲ့ထမ်း တာဝန်ထမ်းဆောင်ကြရပါမည့်အကြောင်း။ ။