Skip to main content

နိုင်ငံတော်အမျိုးသားအားမာန်ထုတ်ဖော်

နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားအားမာန်နှင့် တက်ကြွသည့်စွမ်းပကားများကို ထုတ်ဖော်ပြသကြရာ၌ နိုင်ငံအဆင့်အားကစားပြိုင်ပွဲများသည် အဓိကကျသည့်အခန်းကဏ္ဍများမှ ပါဝင်နေသည်။ အားကစားဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ မြင့်မားခိုင်ကျည်မှုကို ပြသနိုင်သည်။ အထူးသဖြင့် လူငယ်လူရွယ်များသည် အားကစားကဏ္ဍတွင် စိတ်ဝင်တစားပါဝင်လာကြပြီး စိတ်ဓာတ်ခွန်အားများ တိုးပွားစေရုံသာမက ပြည်သူတစ်ရပ်လုံးပါ စိတ်ဓာတ်နှင့်ခန္ဓာ ကျန်းမာကြံ့ခိုင်မှုတို့ကို ပေးစွမ်းနိုင်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးပါဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” လူမှုရေးဦးတည်ချက်ကိုချမှတ်ထားရာ ဦးတည်ချက်ပါအတိုင်း ကျန်းမာရေးနှင့် အားကစားကဏ္ဍကို မြှင့်တင်အားပေးဆောင်ရွက်လျက်ရှိသည်။ အားကစားကဏ္ဍတွင် ပြည်သူအားလုံးပါဝင်နိုင်အောင် စည်းရုံးလှုံ့ဆော်ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း၌ အားကစားပြိုင်ပွဲအမျိုးမျိုးကို ရာသီအလိုက် ကျင်းပဖော်ဆောင်ပေးလျက်ရှိသည်။ ပြည်တွင်းအားကစားပြိုင်ပွဲများတွင် အားကစားအဆင့်အတန်း အမြင့်မားဆုံးနှင့် ခမ်းနားထည်ဝါမှု အကြီးမားဆုံး အားကစားပြိုင်ပွဲသည် အမျိုးသားအားကစားပွဲတော်ဖြစ်သည်။

အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ ခုနှစ်တွင် ရန်ကုန်မြို့၌စတင်ကျင်းပခဲ့ပြီး ၁၉၉၄ ခုနှစ်နှင့် ၁၉၉၇ ခုနှစ်တွင် ဒုတိယအကြိမ်နှင့် တတိယအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပခဲ့သည်။ ထို့နောက် အကြောင်းအမျိုးမျိုးကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ၂၀၁၅ ခုနှစ်တွင် စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်တွင်ကျင်းပခဲ့သည်။ အမျိုးသားအားကစားပွဲတော်သည် အားကစားကဏ္ဍ ပမာဏကြီးမားသဖြင့် အခြေအနေအချိန်အခါသင့်သည့် အခါအားလျော်စွာကျင်းပခဲ့သည်။ ယခုအခါ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ကျင်းပနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး အခက်အခဲအမျိုးမျိုးကြားမှ မြန်မာတို့၏အားမာန်များကို ထုတ်ဖော်ပြသနိုင်ရန် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်နှင့် ပြည်သူတစ်ရပ်လုံး အားကစားကိုပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရန်ရည်ရွယ်၍ ဝန်ကြီးဌာနအဆင့် အားကစားနည်းခြောက်မျိုးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အားကစားနည်း ၂၃ မျိုးဖြင့် လာမည့် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ပဉ္စမအကြိမ်မြောက် ကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကြီးတွင် ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားများ ပေါ်ထွက်လာနိုင်ပြီး နိုင်ငံတော်အဆင့်မှသည် အာဆီယံအဆင့် စံချိန်ချိုးနိုင်သည့် အားကစားသမားများ ပေါ်ထွက်လာနိုင်သည်။ သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း ထူးချွန်အားကစားသမားများ ရေရှည်ရပ်တည်စွမ်းဆောင်နိုင်ရန် ပံ့ပိုးပေးကြရမည်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများကလည်း နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်မည့် အားကစားသမားများအဖြစ် မျှော်မှန်းပြီး ရေကုန်ရေခန်း ကြိုးပမ်းယှဉ်ပြိုင်သွားကြရမည်ဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများကို အောင်မြင်လိုသည့်စိတ်ဓာတ်ကောင်းများ၊ အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးကြရမည်ဖြစ်သည်။ ပြည်တွင်း၊ ပြည်ပ အားကစားပြိုင်ပွဲအသီးသီးတွင် ထူးချွန်အောင်မြင်စွာ ပေါ်ထွက်လာသည့် အားကစားသမားများနှင့် ယခင်အစိုးရများလက်ထက်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် အားကစားသမားများကို ချီးမြှင့်ပေးခဲ့သလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် နိုင်ငံတော်အဆင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိသည်။ အာရှနှင့်အရှေ့တောင်အာရှအဆင့် အားကစားပြိုင်ပွဲများအပါအဝင် နိုင်ငံတကာအားကစားပြိုင်ပွဲပေါင်း ၂၂ ခုသို့ သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၇၇ ခု၊ ငွေတံဆိပ် ၈၇ ခုနှင့် ကြေးတံဆိပ် ၁၅၉ ခုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော အားကစားသမားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆုကြေးငွေကျပ် ၇၄၅၂၃ သိန်းနှင့် အမေရိကန်ဒေါ်လာ ၁၃၃၉၀၀ ကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။

သို့ဖြစ်ရာ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ခမ်းနားထည်ဝါစွာ ကျင်းပပေးမည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီး ဆင်နွှဲကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်ရာ အမျိုးသားအားကစားပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အားကစားကဏ္ဍအသီးသီးတွင် ထူးချွန်ထက်မြက်သူများ ပေါ်ထွက်လာစေရန် အားလုံးကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။         ။