Skip to main content

အမုန်းစကားဖြင့် လှုံ့ဆော်မှုများ ပြည်သူအားဖြင့် ဆန့်ကျင်တားဆီး

လူနှင့် အခြားသတ္တဝါတို့အကြား ကွာခြားချက်များအနက် ထူးခြားချက်မှာ လူကဉာဏ်ရည်မြင့်မားပြီး စကားပြောတတ်ခြင်းပင်ဖြစ်သည်။ ဤအချက်ကြောင့်ပင် သတ္တလောကတွင် လူကအခြားသတ္တဝါများကိုလွှမ်းမိုးပြီး ထိပ်ဆုံးသို့ရောက်ရှိနေခြင်းဖြစ်သည်။ လူလူချင်း စကားပြောဆိုဆက်သွယ်နိုင်ခြင်း၊ ဆက်ဆံနိုင်ခြင်းကိုအကြောင်းပြု၍ လူတစ်ဦးချင်းအတွက်၊ လူ့အဖွဲ့အစည်းတစ်ရပ်အတွက် ကောင်းကျိုးကို ဖြစ်စေနိုင်သကဲ့သို့ ဆိုးကျိုးကိုလည်း ဖြစ်စေသည်။

ဗုဒ္ဓဘာသာဝင်တို့အဖို့ အပါယ်လေးပါးသို့ ကျရောက်စေတတ်သည့် ဒုစရိုက် ၁၀ ပါးတွင် ကာယကံခေါ် ကိုယ်ထိလက်ရောက်ကျူးလွန်သည့် ဒုစရိုက်နှင့် မနောကံခေါ် စိတ်ဖြင့်ကြံစည်ကျူးလွန်သည့် ဒုစရိုက်တို့က သုံးပါးစီရှိပြီး နှုတ်ဖြင့်ကျူးလွန်သည့် ဝစီကံဒုစရိုက်မှာ လေးပါးရှိသည်။ မမှန်မကန် လိမ်ညာပြောဆိုခြင်း၊ ကုန်းတိုက်ကုန်းချောပြောဆိုခြင်း၊ ဆဲရေးတိုင်းထွာ ကြမ်းကြုတ်စွာပြောဆိုခြင်း၊ သိမ်ဖျင်းသောစကား (အတင်း အဖျင်း) ပြောဆိုခြင်းတို့မှာ လူအများ အလွယ်တကူကျူးလွန် လေ့ရှိကြသည့် ဝစီဒုစရိုက်မှုများပင်ဖြစ်သည်။ မျက်မှောက်ကာလ အင်တာနက်လူမှုကွန်ရက်များ တွင်တွင်ကျယ်ကျယ် သုံးစွဲသည့်ခေတ်တွင် ဝစီကံမြောက်သည့် ဒုစရိုက်များမှာ ပို၍ကျယ်ကျယ် ပြန့်ပြန့်ဖြစ်လာပြီး၊ မြင်ဖန်၊ ကြားဖန်များလာသည်နှင့်အမျှ မျက်စိယဉ်၊ နားယဉ်သကဲ့သို့ ဖြစ်လာစေသည်။ အပြောရိုင်း၊ အဆိုရိုင်းတို့ကို လူတိုင်းလက်ခံလာသည်နှင့်အမျှ လူရိုင်းတို့ တိုင်းပြည်ဘဝသို့ ကျရောက်သွားမည်ဖြစ်သည်။

လူသည် အဖွဲ့အစည်းနှင့်နေသည့် သတ္တဝါဖြစ်သည့်အလျောက် စကားကိုလည်း မပြောမဖြစ်ပြောနေရမည်သာဖြစ်သည်။ ပြောသင့်ပြောအပ်ရာစကားနှင့်စပ်လျဉ်း၍ “အချိန် အခါလည်းသင့်၊ မှန်လည်းမှန်ကန်၊ သိမ်သိမ်မွေ့မွေ့၊ အကျိုးစီးပွားနှင့်လည်းယှဉ်၊ မေတ္တာရှေ့ထား၍ပြောဆိုရန်” မြတ်စွာဘုရားက ဆုံးမခဲ့သည်။ “ရဟန်းတို့ - ဤအင်္ဂါငါးမျိုးနှင့် ပြည့်စုံ သောစကားသည် ကောင်းစွာဆိုအပ်သည်မည်၏။ မကောင်းသဖြင့် ဆိုအပ်သည်မမည်၊ အပြစ်လည်းမရှိ၊ ပညာရှိတို့လည်း မကဲ့ရဲ့အပ်။” ဟူ၍ အင်္ဂုတ္တရနိကာယ်ပါဠိတော်၌ပါရှိသည်။ ပြောအပ်သည့်စကား၊ မပြောအပ်သည့်စကားတို့နှင့်စပ်လျဉ်း၍ ဘာသာတရားတို့တွင် ဆိုဆုံးမမှုများစွာရှိနေသော်လည်း နှုတ်ဖြင့်ကျူးလွန်ရသည့် မကောင်းမှုသည် လွန်စွာလွယ်ကူသည် အလျောက် လူတို့ကလည်း အလွယ်တကူပင် ကျူးလွန်နေကြသည်။

လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြား မုန်းတီးမှုများ ဖြစ်ပေါ်လာစေရန်၊ ကိုးကွယ်ရာဘာသာ မတူညီကြသူများအကြား အမုန်းပွားလာကြစေရန်၊ လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ် မုန်းတီးလာစေရန်၊ လူ့အဖွဲ့အစည်းအတွင်း ပဋိပက္ခများမှသည် ရုန်းရင်းဆန်ခတ်မှုများအထိ မငြိမ်မသက်ဖြစ်လာစေရန်ဟူသော လွန်စွာဆိုးယုတ်သည့် အကြံအစည်၊ ရည်ရွယ်ချက်များနှင့် ဝစီဒုစရိုက်အမှုပြုနေကြသည်ကို လူမှုကွန်ရက်မီဒီယာများတွင်တွေ့ရှိနေရာ ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ဝိုင်းဝန်းရှုတ်ချကြရမည် ဖြစ်သည်။

အမုန်းစကားပြန့်ပွားခြင်းသည် လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုကို ဖြစ်ပေါ်စေပြီး ဂုဏ်သိက္ခာရှိစွာနေထိုင်ရန်နှင့် ငြိမ်းချမ်းပြီးညီညွတ်သည့် လူ့အဖွဲ့အစည်း တည်ဆောက်ရန် မျှော်မှန်းချက်တို့ကို ထိခိုက်စေသည့်အပြင် အကျင့်စာရိတ္တကိုလည်း ထိပါးစေသည်။ သို့ဖြစ်၍ ပြည်သူများအနေဖြင့် အမုန်းစကားများကို ရှုတ်ချရန်နှင့်တားဆီးရန် စီမံဆောင်ရွက်ရမည်။ အမုန်းစကားဆန့်ကျင်သည့်လှုပ်ရှားမှုများတွင် အားလုံးပါဝင်ကြရန်နှင့် ပံ့ပိုးအားပေးရမည်ဟု နိုင်ငံပိုင်မီဒီယာများတွင် စဉ်ဆက်မပြတ် တိုက်တွန်းနှိုးဆော်လျက်ရှိရာ လူမျိုးရေး၊ ဘာသာရေးအကြောင်းပြ၍ မိမိတို့နိုင်ငံအတွင်း ပဋိပက္ခ၊ မငြိမ်မသက်မှုများ ဖြစ်ပေါ်ရေးဆီသို့ ဦးတည်သော လှုံ့ဆော်မှုများကို ပြည်သူ့အားဖြင့် ဆန့်ကျင်၊ တားဆီးကြရပါမည့်အကြောင်း။ ။