Skip to main content

စည်းကမ်းတကျဆောင်ရွက်ရန် အလေးထား ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်

နိုင်ငံတော်ကာကွယ်ရေးသည် နိုင်ငံသားတိုင်း မပျက်မကွက် ထမ်းဆောင်ကြရမည့် မွေးရာပါတာဝန်ဖြစ်သည်နှင့်အညီ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ချိန်မှစကာ လက်ရှိအချိန်အထိ နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ် (၆) အထိ အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ခဲ့ပြီး ဆက်လက်၍လည်း သင်တန်းအပတ်စဉ်များ တစ်ခုပြီး တစ်ခု ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်သည်။ ရှေ့မှ သင်တန်းဆင်းသွားခဲ့ကြသည့် သင်တန်းအပတ်စဉ်အသီးသီးတို့မှ ပြည်သူ့စစ်မှုထမ်းများသည်လည်း ၎င်းတို့တာဝန်ကျရာ တပ်ရင်းတပ်ဖွဲ့များတွင် မိမိတို့အား ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်မှုနှင့်ပတ်သက်၍လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းများနှင့်စပ်လျဉ်း၍လည်းကောင်း တိုင်းဖျက်ပြည်ဖျက်ဆန့်ကျင်ဘက်မီဒီယာများက သတင်းတု၊ သတင်းမှားများ မကြာခဏထုတ်လွှင့်လျက်ရှိရာ နိုင်ငံပိုင်မီဒီယာများကလည်း ပြန်လည်စိစစ်တုံ့ပြန်မှုများ ပြုလုပ်နေကြရသည်။ ယခုလအတွင်း၌ပင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နှင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် (၇) အတွက် လူငယ်များကို တပ်မတော်နှင့် အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဖမ်းဆီးခြင်းများနှင့် ငွေကြေးခြိမ်းခြောက် တောင်းခံမှုများ ဖြစ်ပေါ်နေကြောင်း ပြည်ဖျက်မီဒီယာက သတင်းတု၊ သတင်း မှားများ ရေးသားဖြန့်ဝေမှု၊ မန္တလေးမြို့တွင် ပြည်သူ့စစ်မှုထမ်းအပတ်စဉ် (၇) အတွက် လူသစ်ထပ်ခေါ်ခြင်းနှင့် လမ်းမပေါ်၌ ဖမ်းဆီးခြင်းများရှိနေပြီး အမည်စာရင်းပါသူများက ငွေကျပ် သိန်းဆယ်နှင့်ချီပေးနေရကြောင်း မဟုတ်မမှန် လှုံ့ဆော်ဝါဒဖြန့်ဝေနေမှုတို့ကို ပြန်လည်တုံ့ပြန်ဖော်ပြခဲ့ရသည်။

ထို့အပြင် နိုင်ငံပိုင်မီဒီယာများက ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိကောင်းစရာများ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များ၏ ဖုန်းနံပါတ်များ စသည်တို့ကို စဉ်ဆက်မပြတ် ထင်ထင်ရှားရှား ဖော်ပြအသိပေးလျက်ရှိသည်။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက်ရသောလုပ်ငန်းစဉ်ဖြစ်သည်။ အသေးစိတ်လုပ်ငန်းများအတွက် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ရေးဆွဲလျက်ရှိရာ အဋ္ဌမမူကြမ်းရရှိသည်အထိ ပုဒ်မတစ်ခုချင်းအလိုက် အပြန်ပြန်အလှန်လှန် စိစစ်သုံးသပ်ရေးဆွဲခဲ့ပြီးဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ (မူကြမ်း) ကို အထက်အဆင့်ဆင့်သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြပြီးပါက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ ထွက်ပေါ်လာမည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၇/၂၀၂၄) ကို နိုဝင်ဘာ ၇ ရက်က ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက တက်ရောက်အမှာစကားပြောကြားရာတွင် “ပြည်သူ့စစ်မှု ထမ်းများဆင့်ခေါ်ရာတွင် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံနေရသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် လူမှုဆက်ဆံမှုကောင်းမွန်ရေး၊ ငွေကြေးဆိုင်ရာ မသမာမှုများမရှိစေရေးနှင့် သတ်မှတ်ချက်စည်းကမ်းများနှင့်အညီ ဆောင်ရွက်စေရေး၊ တာဝန်ရှိသူအဆင့်ဆင့်မှ စိစစ်ကြပ်မတ်ရန်လိုပါကြောင်း” ပြောကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍ စည်းကမ်းတကျ ဆောင်ရွက်ရေး အလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် ဥပဒေ၊ စံပြုလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်တို့ကိုလည်း မှာကြားခဲ့သည်ဟု သိရသည်။

တိုင်းဖျက်ပြည်ဖျက် ဆန့်ကျင်ဘက်မီဒီယာများက မမှန်သတင်းများကို ထုတ်လွှင့်ဖော်ပြလျက်ရှိရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်မှန်ကန်ကန်လုပ်ကိုင်ဆောင်ရွက်ခြင်းအားဖြင့် သတင်းတု၊ သတင်းမှားများကို ချေဖျက်ပြီးသားဖြစ်သည်။ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံနေရသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသည် နိုင်ငံတော်ကို ကိုယ်စားပြုဆောင်ရွက်နေရခြင်းဖြစ်သည်ကို သတိချပ်၍ လူမှုဆက်ဆံမှုကောင်းမွန်ရေး၊ မသမာမှုများကင်းရှင်းရေး အထူးအလေးပေးကြရပါမည့်အကြောင်း။ ။