ယခုရက်ပိုင်းအတွင်း တောင်တရုတ်ပင်လယ်ပြင်မှ ရွေ့လျားလာသော လေပွေလှိုင်းများကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း မြန်မာနိုင်ငံအနှံ့အပြားတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။
မျက်မှောက်ကာလ ရာသီဥတုအခြေအနေအရ ဆောင်းရာသီကာလဖြစ်၍ အအေးဓာတ်များ ဝင်ရောက်နေချိန်တွင် ဖော်ပြပါအခြေအနေအရပ်ရပ်ကြောင့် မိုးသည်းထန်စွာရွာသွန်းသည့် ဖြစ်စဉ်များနှင့်ကြုံတွေ့နေသောကြောင့် အအေးဓာတ်နှင့် စွတ်စိုသည့်အခြေအနေများကို ကြုံတွေ့ခံစားနေကြရသည်။ အဆိုပါအခြေအနေသည် ပြည်သူများအတွက် ထူးထူးထွေထွေ အကြောင်းမရှိသော်လည်း ကမ္ဘာတစ်ခွင်နှင့် ပတ်ဝန်းကျင်တွင် ရာသီဥတုပြောင်းလဲမှုအခြေအနေများအရ ဖြစ်ပေါ်လာနိုင်သော မုန်တိုင်းအခြေအနေများနှင့် တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းအခြေအနေတို့ကြောင့် သဘာဝဘေးအန္တရာယ်တို့နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် အခြားနိုင်ငံများကဲ့သို့ ရာသီဥတုပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်သည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို ရင်ဆိုင်ကြုံတွေ့နေရသောနိုင်ငံဖြစ်သည်။ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေအများဆုံးနိုင်ငံများစာရင်းထဲတွင်ပါဝင်နေသည်။ ယခုလတ်တလောတွင် မုတ်သုံကာလ လွန်မြောက်ပြီဖြစ်သော်လည်း တောင်တရုတ်ပင်လယ်ပြင်မှရွေ့လျားလာသော လေပွေလှိုင်းများ၊ ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေနွေးများနှင့် တရုတ်နိုင်ငံမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်လျက်ရှိနေချိန်တွင် ဖိလစ်ပိုင်နိုင်ငံ၌တိုက်ခတ်သည့် တိုင်ဖွန်းမုန်တိုင်း ရင်ရှင်း၏ သက်ရောက်လာနိုင်မှုများကို အထူးသတိပြုရမည်ဖြစ်သည်။
တိုင်ဖွန်းမုန်တိုင်းရင်ရှင်းသည် နိုဝင်ဘာလ ၇ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အနောက်ဘက်နှင့် အနောက်မြောက်ဘက်သို့ ဦးတည်လျက်ရှိသည်ကို တွေ့ရသည်။ တိုင်ဖွန်းမုန်တိုင်းရင်ရှင်းလမ်းကြောင်းသည် ပြီးခဲ့သည့် တိုင်ဖွန်းမုန်တိုင်းရာဂီနှင့် လမ်းကြောင်းတူနေသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် ရာဂီမုန်တိုင်းတိုက်ခတ်ခဲ့စဉ်က စက်တင်ဘာလ ၂ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ စက်တင်ဘာလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ဖြတ်ကျော်တိုက်ခတ်ခဲ့သည်။ တိုင်ဖွန်းမုန်တိုင်းရာဂီ အဖျားခတ်ချိန်၌ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်း ငယ်ဖြစ်ပေါ်နေချိန်နှင့်တိုက်ဆိုင်သဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် ရှမ်းပြည်နယ်တို့တွင် မိုးကြီးရေလျှံဘေးဒုက္ခများကို ခံစားခဲ့ရသည်။
ယခုဖြစ်စဉ်တွင်လည်း မြန်မာနိုင်ငံ၌ လေနွေးစီးကြောင်းနှင့် လေအေးစီးကြောင်းများ ထိတွေ့မှုကြောင့် မြန်မာနိုင်ငံအရပ်ရပ်၌ မိုးသည်းထန်စွာရွာသွန်းနေချိန်တွင် ဖိလစ်ပိုင်နိုင်ငံ၌တိုက်ခတ်သည့် တိုင်ဖွန်းမုန်တိုင်းရင်ရှင်းသည် ဗီယက်နမ်နိုင်ငံသို့ ဦးတည်သည့်ဖြစ်စဉ် အလားတူလမ်းကြောင်းတူတိုက်ဆိုင်နေသဖြင့် လာမည့်ကာလများတွင် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပေါ်လာနိုင်မှုအပေါ် ကြိုတင်မြော်တွေး၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်နိုင်ရန်၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် နိုဝင်ဘာလ ၈ ရက်နေ့ကကျင်းပသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အသိပေး ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် နိုင်ငံတကာမိုးလေဝသခန့်မှန်းရေးဌာနများ၏ ထုတ်ပြန်ချက်များအရ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၇ ရက် နေ့အတွင်း မိုးရွာသွန်းမြဲအောက်နှင့်ရွာသွန်းမှုအနည်းငယ်သာရှိမည်ဟု ခန့်မှန်းထားသော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ယခင်ဖြစ်ပွားခဲ့သည့် တိုင်ဖွန်းမုန်တိုင်းရာဂီ အဖျားခတ်သည့်ဖြစ်စဉ်မျိုး ထပ်မံမဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို မဖြစ်မနေဆောင်ရွက်ထားရန် အသိပေးထားသည်။ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်မိုးရာသီကာလတွင် မိုးသည်းထန်မှု များပြားစွာရွာသွန်းခဲ့ခြင်း၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မြေသားများ စိုထိုင်းဆများပြားလျက်ရှိနေသည့်အတွက် ယခင်ရာဂီမုန်တိုင်းကဲ့သို့ မိုးရေချိန်လက်မများလာပါက မြန်မာနိုင်ငံတွင် ထိခိုက်မှုများဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုအပ်သည်။
ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာတွင် မိုးလေဝသက ကြိုတင်အသိပေးထုတ်ပြန်ချက်များနှင့်အတူ ယခင်အတွေ့အကြုံအရ ရေကြီးရေလျှံမှုဖြစ်ပွားရာဒေသများမှ ပြောင်းရွှေ့နေထိုင်မည့်နေရာများ သတ်မှတ်ပေးခြင်း၊ ရေသန့်နှင့် အစားအသောက်၊ ဆေးဝါးများကြိုတင်ပြင်ဆင်ထားရှိခြင်း၊ ရွှေ့ပြောင်းရန် ယာဉ်ယန္တရားများ စုဖွဲ့ထားရှိခြင်း၊ ရွှေ့ပြောင်းရန် ငြင်းဆန်သူများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ စည်းရုံး၊ တိုက်တွန်းပေးခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ရာ ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုများကို သင်ခန်းစာယူပြီး လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ပူးပေါင်းလက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။