စည်းကမ်းပြည့်ဝသည့် အနာဂတ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် ပြည်ထောင်စုကြီးအဘက်ဘက်မှဖွံ့ဖြိုးတိုးတက်စေရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးတို့ကို နိုင်ငံတော်ကမျှော်မှန်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် စွမ်းရည်ပြည့်စုံထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကိုပြည်သူများ၏ လိုလားချက်များနှင့်အညီ တည်ဆောက်နိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါလုပ်ငန်းများ အောင်မြင်ရေးအတွက် အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာစေရေးနှင့် အသိပညာကြွယ်ဝသည့် လူ့ပတ်ဝန်းကျင် အသိုက်အဝန်းကို ပုံဖော်တည်ဆောက်နိုင်ရေးအတွက် စာအုပ်စာပေများမှတစ်ဆင့် အသိပညာပေးမှု၊ လမ်းညွှန်မှုများက သာယာဝပြောသည့် လူ့ဘောင်အဖွဲ့အစည်း ဖြစ်ပေါ်လာစေရေးကို များစွာအထောက်အကူပြုနိုင်မည်ဟု ယုံကြည်ထားသည်။
နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံး၏ ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်၊ ကောင်းမွန်သည့်ပစ္စုပ္ပန်ကို နိုင်ငံတော်အနေဖြင့် စာပေအနုပညာကဏ္ဍအသီးသီးမှ ပညာရှင်များ၏ အနုသုခုမပညာရပ်များကို အရည်အသွေးမြင့်မားစွာ၊ လွတ်လပ်စွာပုံဖော်ဖန်တီးနိုင်ရေးအတွက် တတ်စွမ်းသမျှ အားပေးကူညီဖြည့်ဆည်းပေးလျက်ရှိသည်။ ယခုအခါ နိုင်ငံနှင့်ပြည်သူများ၏ကောင်းကျိုးအတွက် အားထုတ်ရေးဖွဲ့ထုတ်ဝေခဲ့ကြသည့် စာဆိုကြီးများ၏ စာကောင်းပေမွန်လက်ရာများကို နိုင်ငံတော်အဆင့် စာပေဆုနှင်းသဘင်ပွဲကြီးကျင်းပပြီး ချီးမြှင့်ပေးအပ်နိုင်ခဲ့သည်။
ဆက်လက်၍ စာပေပညာ၊ စာပေပညာရှင်များနှင့် စာပေလောကသားများအကျိုးကို ဖြည့်ဆည်းပေးနိုင်မည့် “စာဆိုဗိမာန်” အဆောက်အအုံကြီးကိုလည်း အိန္ဒိယနိုင်ငံအစိုးရနှင့်ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။ စာပေဆိုင်ရာထူးချွန်ဆုများသာမက စာပေနှင့်အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာတတ်မြောက်သည့် ပုဂ္ဂိုလ်များကိုလည်း ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပေးလျက်ရှိသည်။
ထို့အပြင် စာအုပ်စာပေဟူသည်မှာ မည်မျှပင်ကာလရှည်က ထုတ်ဝေခဲ့သည်ဖြစ်စေ မဖတ်ရ၊ မလေ့လာရသေးပါက အသစ်ပင်ဖြစ်သည့်အတွက် ယခင်ကထုတ်ဝေခဲ့သည့် စာကောင်းပေမွန်များကို မျိုးဆက်သစ်လူငယ်များလေ့လာနိုင်ရန် ပြန်လည်ထုတ်ဝေသင့်ကြောင်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းက ထုတ်ဝေခဲ့သည့် လူထုသိပ္ပံကျမ်းတွဲများနှင့် အခြားပြန်လည်ထုတ်ဝေဖြန့်ချိသင့်သည့် စာအုပ်စာပေများကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြဝတီစာပေတိုက်က ပြန်လည်ထုတ်ဝေလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်နိုင်ခြင်းအားဖြင့် နိုင်ငံ၏အနာဂတ်အင်အားများဖြစ်သည့် လူငယ်လူရွယ်များ၏ ကိုယ်ရည်ကိုယ်သွေးနှင့် ကိုယ်စွမ်းကိုယ်စများကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
စာပေသည် လူ့အဖွဲ့အစည်းကြီး၏ အကြံအစည်၊ အပြုအမူ၊ အနေအထိုင်၊ ဓလေ့ထုံးစံ၊ ဘာသာစာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေး စသည့်ကိစ္စများအပြင် ယဉ်ကျေးမှုအနုပညာအပေါင်းတို့၏ အစပြုရာဖြစ်သည်။ စာပေသည် လူမျိုး၏ ယဉ်ကျေးမှုမဏ္ဍိုင်ဖြစ်ပြီး စာအုပ်မျိုးစုံသည် လူသားများ၏ ခေတ်ကြေးမုံပြင်ဖြစ်သည်။ စာအုပ်စာပေသည် လူသားများအားလုံးအတွက် မိတ်ဆွေကောင်းဖြစ်ပြီး စာပေမြင့်မားတိုးတက်လာသည်နှင့်အမျှ လူမျိုးဂုဏ်လည်း တင့်တယ်ဝင့်ကြွားလာမည်ဖြစ်သည်။ စာပေသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်းကို ထင်ဟပ်နေခြင်းဖြစ်၍ မြန်မာတို့၏ ဂုဏ်ယူဝင့်ကြွားဖွယ်ရာ စာပေနှင့်ပတ်သက်သည့် အစဉ်အလာကောင်းများကို စာပေပညာရှင်များ၊ စာပေကိုတန်ဖိုးထားသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် မျိုးဆက်သစ်များအားလုံးက လက်ဆင့်ကမ်း ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။
လက်ရှိကာလတွင် မြန်မာနိုင်ငံ၏တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို အဟန့်အတားအနှောင့်အယှက်ပေးလျက်ရှိနေသည်မှာ သတင်းအတုအယောင်များ၊ သတင်းမှားများ၊ အမုန်းစကားများ၊ ကျင့်ဝတ်သိက္ခာမဲ့သည့် သတင်းအချက်အလက်များဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ အဆိုပါ သတင်းအချက်အလက် အတုအယောင်အမှားများကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း ပျက်စီးစေနိုင်သည့်အပြင် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး မျှော်မှန်းထားသည့် ငြိမ်းချမ်းရေးပန်းတိုင်ကိုလည်း အနှောင့်အယှက်အဟန့်အတားဖြစ်စေသည်။ ထို့ကြောင့် အရာရာတွင်စဉ်းစားချင့်ချိန်နိုင်စွမ်းရှိပြီး အကောင်းအဆိုး၊ အကြောင်းအကျိုးတို့ကို ခွဲခြားသုံးသပ် ဝေဖန်နိုင်စွမ်းရှိသော စာပေအသိအမြင်ဗဟုသုတများ ပြည်သူလူထုကြားတွင် ကျယ်ပြန့်စွာ ပျံ့နှံ့စိမ့်ဝင်လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။