နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုတွင် “စုစုပေါင်း အမျိုးသားထုတ်ကုန်တန်ဖိုးတိုးတက်ခြင်း” (Increased national output) နှင့် “အမှန်တကယ်အမျိုးသားဝင်ငွေ” (Real national income) ကာလကြာရှည်စွာတိုးတက်နေခြင်း ဖြစ်စဉ်တို့ပါဝင်သည်။ နိုင်ငံ၏အမျိုးသားထုတ်ကုန်တန်ဖိုးနှင့် အမှန်တကယ်အမျိုးသားဝင်ငွေတို့၏ တိုးတက်မှုသည် အကြောင်းအပေါင်းသင့်၍ ယာယီတိုးတက်ခြင်းမဟုတ်ဘဲ ရေရှည်တည်တံ့သောတိုးတက်မှုကိုရရှိမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဖြစ်သည်။
နိုင်ငံကို ခေတ်နောက်ကျသည့်အခြေအနေမှ ခေတ်မီနိုင်ငံတစ်နိုင်ငံဖြစ်လာစေရန်၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် တိုးတက်မှုတို့ရရှိစေရန်မှာ ကဏ္ဍတစ်ခုတည်း၊ ရှုထောင့်တစ်ခုတည်းမှ ဆောင်ရွက်ရှုမြင်၍မရဘဲ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးကဏ္ဍအသီးသီးနှင့် နိုင်ငံအတွင်းရှိ အင်စတီကျူးရှင်းပိုင်းဆိုင်ရာ ပြုပြင် ပြောင်းလဲမှု၊ ဖွဲ့စည်းတည်ဆောက်မှုများလည်း အဓိကထား ဆောင်ရွက်ရန်လိုအပ်ကြောင်း ပညာရှင်များကမိန့်ဆိုသည်။ ထို့အပြင် လူတို့၏လုပ်ရည်ကိုင်ရည်နှင့် အရည်အသွေးများသည် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေနိုင်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူတို့၏ လုပ်ရည်ကိုင်ရည်လည်း မြင့်တက်လာစေနိုင်သည်။ သက်ဆိုင်ရာအစိုးရများ၏ မူဝါဒများမှာမူ နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုမှထွက်ပေါ်လာသော အကျိုးတရားမဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်ပေါ်စေသည့် အကြောင်းတရားသက်သက်သာ ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။
မိမိတို့နိုင်ငံတွင် စီးပွားရေး၏အခြေခံမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖြစ်ပြီး ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်သွားရန် ဦးတည်ချက်တွင် ပြဋ္ဌာန်းထားပြီး အသေးစား၊ အငယ်စားစက်မှုလုပ်ငန်းများကိုအားပေးသည့် ပို့ကုန်ကဏ္ဍမြှင့်တင်ရန်၊ ဆီထွက်သီးနှံစိုက်ပျိုးမှုကို ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်ရန်ဟူသည့် အချက်များလည်း ပါဝင်သည်။ ဒီဇင်ဘာ ၃ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ဆီဖူလုံရေးနှင့်ပတ်သက်၍လည်း မိမိ အနေဖြင့် ၂၀၂၁ ခုနှစ်ကတည်းမှစ၍ ၄၁ ကြိမ်တိုင် တိုက်တွန်း ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ စီးပွားရေးဦးတည်ချက်တွင်လည်း “ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး” ကို ထည့်သွင်းချမှတ်ထားပြီး မိမိတို့အနေဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိအောင် ဆောင်ရွက် နိုင်ခြင်းမရှိသေးကြောင်း” ပြောကြားခဲ့ပြီး ဆီထွက်သီးနှံများ ပန်းတိုင်ရည်မှန်းချက်အတိုင်းထွက်ရှိအောင် ဆောင်ရွက်နိုင်ခြင်း မရှိသည်ကို စနစ်တကျ အဖြေရှာဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားခဲ့သည်ကို တွေ့ရသည်။
စုစုပေါင်း အမျိုးသားထုတ်ကုန်တန်ဖိုးနှင့် လူတစ်ဦးချင်းဝင်ငွေတို့ တိုးတက်လာစေရန်မှာ ကုန်ထုတ်လုပ်မှုကို မဖြစ်မနေ တိုးမြှင့်ဆောင်ရွက်၍ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန်လိုသည်။ ယင်းနှင့်ပတ်သက်၍ လက်ရှိတင်ပို့နေသည်ထက် နှစ်ဆခန့် ပိုမို တင်ပို့နိုင်ရန်၊ ကုန်ထုတ်လုပ်မှုကို ယခုထက်တိုးမြှင့်ဆောင်ရွက် နိုင်ရန်အတွက် အလုပ်အကိုင်များ ဖန်တီးပေးခြင်းနှင့် ကုန်ထုတ် လုပ်ငန်းများအပေါ် Incentive များပေးရန်၊ အလုပ်အကိုင်များ ဖန်တီးရာတွင် လိုအပ်သည့်သွင်းအားစုများကိုလည်း လုံလောက်စွာရရှိအောင် ဆောင်ရွက်ပေးရန်တို့ကို နိုင်ငံတော်အကြီးအကဲက မှာကြားခဲ့ပြီး ဆက်လက်၍လည်း ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ထုတ်လုပ်မှုကို မဖြစ်မနေတိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပြီး “မှတစ်ပါး အခြားမရှိ” ဟု ဆိုခဲ့သည်။
မိမိတို့နိုင်ငံသည် နိုင်ငံတည်ဆောက်ရေး၊ ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အခက်အခဲအကန့်အသတ်များနှင့် အနှောင့်အယှက်အဖျက်အဆီးများကြားမှ ဆောင်ရွက်နေရခြင်းဖြစ်ရာ သာမန်အခြေအနေနှင့်တူမည်မဟုတ်သော်လည်း မဖြစ်မနေဆောင်ရွက်ကြရမည်သာဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးကို ဆောင်ရွက်ရာတွင် လူသာလျှင် ပဓာနဖြစ်သည်ဟုခံယူပြီး မိမိတို့တွင်ရှိနေသည့် အရင်းအမြစ်များကို ထိထိရောက်ရောက် မှန်မှန်ကန်ကန်စီမံခန့်ခွဲ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် မိမိတို့ မျှော်မှန်းသည့် အန္တိမပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။