စီးပွားရေးဘောဂဗေဒအရထုတ်လုပ်မှုနှင့် လိုအပ်ချက်၊ အလုပ်အကိုင်နှင့် အခွင့်အလမ်းအချိုးညီမှသာ စီးပွားရေးတည်ငြိမ်မှုနှင့် ငွေကြေးစီးဆင်းမှု လည်ပတ်အားကောင်းမွန်လာမည်ဖြစ်သည်။ အချိုးမညီသည့်အခါ ကုန်စည်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု ပေါ်ပေါက်လာမည်။ အထူးသဖြင့် ကုန်စည်ဈေးနှုန်းကြီးမြင့်လာမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ခက်ခဲလာခြင်း၊ စီးပွားရေးကျပ်တည်းခြင်းများ ဖြစ်ပေါ်လာနိုင်သည်။ လက်ရှိကာလတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် လုပ်သားအင်အားခက်ခဲခြင်းတို့ဖြစ်ပေါ်နေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၃ ရက်နေ့ကပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် “ကုန်ဈေးနှုန်းကြီးမြင့်မှုများအပေါ် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ကုန်ဈေးနှုန်းများဖြစ်စေရေး စေတနာထား၍ အပင်ပန်းခံဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံအတွင်းဝင်ငွေနှင့် ထွက်ငွေကိုလည်း မျှတအောင်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုကို မဖြစ်မနေတိုးမြှင့်ဆောင်ရွက်၍ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန်လိုကြောင်း၊ လက်ရှိတင်ပို့နေသည်ထက် နှစ်ဆခန့်ပိုမိုတင်ပို့နိုင်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုကို ယခုထက်တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် အလုပ်အကိုင်များဖန်တီးပေးခြင်းနှင့် ကုန်ထုတ်လုပ်ငန်းများအပေါ် Incentive များပေးရန်လိုကြောင်း” ပြောကြားခဲ့သည်။
ကုန်စည်ဈေးနှုန်းများ ကြီးမြင့်နေခြင်းသည် ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတရာမှ ဖြစ်ပေါ်လာခြင်းဖြစ်၍ ကုန်ထုတ်လုပ်မှုများ မြင့်မားတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပြီး အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များကို ပြည်ပသို့ ပိုမိုတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေပိုမိုရရှိကာ ငွေကြေးစီးဆင်းမှုလည်ပတ်အားများ ကောင်းမွန်လာမည်ဖြစ်သည်။ ငွေကြေးလည်ပတ်မှုကောင်းမွန်ပါက အလုပ်အကိုင်အခွင့်အလမ်းများ ကောင်းမွန်လာပြီး ကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်ကာ ကုန်စည်ဈေးနှုန်းတည်ငြိမ်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့မည်ဖြစ်သည်။ ထို့ကြောင့် ကုန်ထုတ်လုပ်မှုကို မဖြစ်မနေ တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်သည်။ ဈေးကွက်ရှိပြီး အရည်အသွေးပြည့်မီသည့် ကုန်ပစ္စည်းများထုတ်လုပ်ရန်လိုသည်။
လက်ရှိတွင် စီးပွားရေးလောက၌ အသား၊ ငါးနှင့် အခြေခံစားကုန်ဈေးနှုန်းများ တစ်နေ့တခြား ကြီးမြင့်လာသည်ကို တွေ့မြင်ကြားသိနေရသည်။ နိုင်ငံတော်က ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ပြီး ကုန်စည်ဈေးနှုန်းများ တည်ငြိမ်အောင် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများ၏ အခြေခံစားကုန်များနှင့်ပတ်သက်၍ သင့်တင့်လျောက်ပတ်သည့် အမြတ်ကိုသာတင်၍ ရောင်းချကြရန်လိုသည်။ ပြည်သူများအား ကုန်ပစ္စည်းများရောင်းချရာတွင် အမြတ်ငွေနည်းနည်းနှင့် ပမာဏများများရောင်းချခြင်းဖြင့် မိမိတို့လည်းအဆင်ပြေ ပြည်သူလူထုလည်း သက်သာချောင်ချိမှုဖြစ်အောင် စေတနာထားဆောင်ရွက်ကြရမည်ဖြစ်သည်။
ကုန်စည်ဈေးနှုန်းကြီးမြင့်မှုကြောင့် အလုပ်သမားရှားပါးမှုပြဿနာများနှင့် ကြုံတွေ့လာရကြောင်း အချို့လုပ်ငန်းရှင်များထံမှ သိရှိရသည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ၄၁ ရာခိုင်နှုန်းခန့်သည် လယ်ယာ၊ သစ်တော၊ သား၊ ငါးကဏ္ဍများတွင် လုပ်ကိုင်နေကြသူများဖြစ်၍ လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့်ကုန်ထုတ်လုပ်မှုမှ အလုပ်အကိုင်များ ဖော်ဆောင်ပေးနိုင်ရေးသည် လက်ရှိအချိန်၌ မဖြစ်မနေလိုအပ်လျက်ရှိသည်။ လူဦးရေနည်းပါးသော မြန်မာနိုင်ငံကဲ့သို့ နိုင်ငံအဖို့မှာမူ လုပ်သားအင်အားလျော့ပါးသွားမှုမှာ သိသာစွာရိုက်ခတ်မှုရှိသည်။ အဓိကမှာ ထိုက်တန်သည့်အလုပ်အကိုင်နှင့် လုပ်ခလစာများရရှိမှု နည်းပါးခြင်းကြောင့်ဖြစ်သည်။
လုပ်သားအင်အားရှားပါးမှုသည် ကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်ရေးအတွက် များစွာအဟန့်အတားဖြစ်စေသည်။ ထို့ကြောင့် ထိုက်တန်သည့်အလုပ်အကိုင်များနှင့် လုပ်ခလစာများရရှိရေးကို ကြံဆဆောင်ရွက်ပေးကြရန် လိုအပ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်လိုအပ်သည်။ သို့မှသာ ကုန်ထုတ်လုပ်မှုစွမ်းအားများမြင့်မားလာပြီး Supply နှင့် Demand မျှတအောင် လုပ်ဆောင်ပေးနိုင်မည်ဆိုပါက ကုန်စည်ဈေးနှုန်း ကြီးမြင့်နေမှုများကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် ပို့ကုန်များတိုးတက်လာပြီး ဝင်ငွေတိုးတက်ရရှိလာပါက ငွေကြေးဈေးကွက်နှင့် တန်ဖိုးများ တည်ငြိမ်ကျဆင်းလာမည်ဖြစ်သည်။
သို့ဖြစ်ရာ ကုန်စည်ဈေးနှုန်းများ တည်ငြိမ်ကျဆင်းရေး၊ အလုပ်အကိုင်နှင့်အခွင့်အလမ်းများ တိုးတက်ဖော်ဆောင်နိုင်ရေးအတွက် ဒေသအလိုက် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်မှုမှတစ်ပါး အခြားမရှိသဖြင့် ဒေသအလိုက်တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများအနေဖြင့် ကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။