နေပြည်တော် ဒီဇင်ဘာ ၄
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ သက်တမ်းရင့်ရေနံမြေများတွင် ခေတ်မီနည်းပညာများအသုံးပြု၍ ရေနံအထွက်တိုးရေးလုပ်ငန်းများကို ရုရှားကုမ္ပဏီများ နှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ မြန်မာနိုင်ငံ၏ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများကို လာရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရန်ကိစ္စ၊ ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံ၏ အချက်အချာကျမှုကိုအသုံးချ၍ LNG တင်သွင်းဖြန့်ဖြူးနိုင် မည့်အလားအလာနှင့် လက်ရှိတည်ဆောက်ပြီး ပိုက်လိုင်းကွန်ရက်အားအသုံးပြု၍ LNG ကုန်သွယ်ရေးဆောင်ရွက်နိုင်မည့်ကိစ္စ၊ ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးခြင်းကိစ္စ၊ မြန်မာနိုင်ငံ တွင် ရေနံချက်စက်ရုံများနှင့် ဓာတ်မြေဩဇာစက်ရုံများ အသစ်တည်ဆောက်ခြင်းနှင့် လက်ရှိစက်ရုံများ အဆင့်မြှင့်တင်မွမ်းမံခြင်း လုပ်ငန်းများတွင် ရုရှားကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးကိစ္စ၊ နှစ်နိုင်ငံစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား ထိရောက်စွာဆောင်ရွက်ရေးကိစ္စနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ စွမ်းအင်ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
သတင်းစဉ်