Skip to main content

နိုင်ငံအတွက် အဓိကလိုအပ်ချက် နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းရေးဖော်ဆောင်

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်းရှိ လူအင်အား၊ ရုပ်ဝတ္ထုအင်အား၊ ငွေကြေးအင်အားဟူသည့် အရင်းအမြစ်များကို ထိထိရောက်ရောက် သုံးစွဲဆောင်ရွက်ကြရသည်။ ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းသည့် အခြေအနေရှိနေရန်လိုသည်။ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုသည် နိုင်ငံရေးနယ်ပယ်အတွင်း၌ အကျုံးဝင်တည်ရှိနေရာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေမရှာဘဲ လက်နက်ကိုင်တိုက်ခိုက်သည့်နည်းလမ်းကို ကျင့်သုံးသည့်အခါ နိုင်ငံနာသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးအကြောင်းတရားသည် နိုင်ငံရေး အကြောင်းတရားဖြစ်သည်ဟု ပညာရှင်များက အသိအမှတ်ပြုထားကြရာ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းဒေသများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို နိုင်ငံရေးနယ်ပယ်တွင် အဖြေရှာကြရမည်ဖြစ်သည်။

မိမိတို့နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုများကို အကြောင်းပြု၍ နိုင်ငံရေးအကျပ်အတည်း ပေါ်ပေါက်လာပြီး နိုင်ငံတစ်ဝန်း အရေးပေါ်ကာလအခြေအနေကို ဖြတ်သန်းကြရသည်။ ဤအခြေအနေကို သောင်းကျန်းသူ အကြမ်းဖက်အဖျက်သမားအချို့က “ပြည်တွင်းအခက်- ၎င်းတို့၏အချက်” အဖြစ် အခွင့်ကောင်းယူကာ ၎င်းတို့ကြိုတင်စီမံထားသည့် အတိုင်းအင်အားအလုံးအရင်းဖြင့် တိုက်ခိုက်မှုများကို မြို့ပြဒေသအများအပြားတွင် ပြုလုပ်ကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအဖို့ ခက်ခက်ခဲခဲ၊ နှစ်ရှည်လများ ကြိုးပမ်းတည်ဆောက်ထားခဲ့ရသည့် လမ်း၊ တံတား၊ ဆက်သွယ်ရေးအခြေခံအဆောက်အအုံ များစွာ၊ နိုင်ငံပိုင်၊ ပြည်သူပိုင်အဆောက်အအုံများစွာနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။ အပြစ်မဲ့ပြည်သူများ၏ မိသားစုဘဝများ ပြိုကွဲပျက်စီးကြရပြီး နေရပ်စွန့်ခွာရှောင်တိမ်းနေကြရသည်။

ပြည်တွင်းရှိ ဒေသအစိတ်အပိုင်းအချို့ တည်ငြိမ်အေးချမ်းမှု မရှိသည့်ဒဏ်ကို ကျန်သည့်ဒေသများက တိုက်ရိုက်မခံစားရသော်လည်း သွယ်ဝိုက်ခံစားကြရသည်။ ကုန်သွယ်မှုလမ်းကြောင်းကြီးများ ပျက်စီးပိတ်ဆို့သွားခြင်းကြောင့် ယင်းလမ်းကြောင်းများအပေါ် အမှီပြုစီးပွားရှာဖွေနေသူများ၊ အသက်မွေးဝမ်းကျောင်းပြုနေကြသူများ အခက်အခဲကြုံတွေ့ကြရသည်။ ယခင်က အချိန်မရွေး လုံခြုံချောမွေ့စွာ ကူးသန်းသွားလာနိုင်သည့် ဒေသများမှာ သွားချင်တိုင်းသွား၍မရတော့သည့် ဒေသများ ဖြစ်လာသည်။ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံမည်ဟု ဆိုကြသည့်နိုင်ငံထဲတွင် လူမျိုးရေးခွဲခြားမှု၊ လူမျိုးရေးမုန်းတီးမှု၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးထိပါးမှု၊ ကန့်သတ်မှု များကို အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူတို့က ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ပြောကြားမှု၊ လက်တွေ့ကျူးလွန်မှုများ ပြုလုပ်လာကြသည်။ နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် မတည်ငြိမ်သည့်အခြေအနေ၊ ပရမ်းပတာအခြေအနေတို့အပေါ် ဝမ်းသာအားရဖြစ်နေသူ၊ ထောက်ခံအားပေးနေသူတို့မှာမူ နိုင်ငံတစ်စစီ ပြိုကွဲသွားမည်ဆိုပါက မိမိတို့ ဘယ်ဘဝသို့ ရောက်မည်ကို ဉာဏ်ပညာဖြင့် မသိမြင်နိုင်သူများနှင့် ပြည်တွင်းပဋိပက္ခများကို အကြောင်းပြကာ ပြည်ပတွင် ရှာဖွေတောင်းခံစားသောက်နေကြသူများဖြစ်သည်။

လက်ရှိကာလ မိမိတို့နိုင်ငံ၏နိုင်ငံရေးအခြေအနေမှာ တစ်လှမ်းပြီးတစ်လှမ်း ရှေ့သို့ဆက်သွားနေသည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်အရေးပါသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပြီး အကြောင်းကြောင်းဖြင့် ကျန်နေသည့်ဒေသများ ဆက်၍ကောက်ယူနေသည်။ စင်စစ်အားဖြင့်ဆိုရလျှင် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုတို့ ရှိခဲ့မည်ဆိုပါက အရေးပေါ်ကာလအခြေအနေသည် ဤမျှအထိ ရောက်ရှိလာမည်မဟုတ်သလို နိုင်ငံသည်လည်း ရွေးကောက်ခံအစိုးရတစ်ရပ်နှင့်အတူ ရှေ့ခရီးသို့ ဆက်နေရမည့်အချိန်ဖြစ်သည်။ မည်သို့ပင်ဆိုစေ မိမိတို့နိုင်ငံအတွက် အဓိကလိုအပ်ချက်သည် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်း ရေးပင်ဖြစ်ရာ နိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက နိုင်ငံတော်အစိုးရနှင့်အတူ အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရပါမည့်အကြောင်း။          ။