Skip to main content

ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့ကိုပြု၍ လောကကောင်းကျိုးဆောင်ကြဉ်း

“မည်သူမဆို မိမိ၏ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့ကို ကောင်းသည်ထက်ကောင်းအောင် အစဉ်ပြုပြင်နေသင့်သည်။ သေသည်အထိ အမြဲပြုပြင်နေရမည်” ဟု မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသက အစဉ်ဆုံးမတော်မူလေ့ရှိသည်ကို မှတ်သားဖူးသည်။ ထိုအဆုံးအမသည် လူတိုင်းလူတိုင်း ကိုယ်ကျင့်တရားကောင်းမွန်စေရေးအတွက် လမ်းညွှန်ဖြစ်သည်။ ကိုယ်ကျင့်တရားကောင်းမွန်ရေးအတွက် မိမိသည်သာ ပဓာနဖြစ်သည်။ သို့သော် ဆိုင်ရာဘာသာတရားတို့၊ အဆုံးအမတို့နှင့် ပေါင်းစပ်လိုက်ပါက ပို၍သာလွန်ကောင်းမွန်ပေ၏။

လူတိုင်း ကိုယ်ကျင့်တရားကောင်းမွန်လာအောင် ကျင့်ကြံအားထုတ်ကြပါက ဤကမ္ဘာလောကတစ်ခုလုံး အေးချမ်းသာယာဝပြောပြီး နှစ်လိုဖွယ်ရာ လောကအသိုက်အဝန်းများကို ကိုယ်စီဆောင်ကြဉ်းနိုင်မည်ဖြစ်၏။ ကိုယ်ကျင့်တရားဟူသည် လောဘ၊ ဒေါသ၊ မောဟများကို ပါးလျားသည်ထက်ပါးလျားအောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ပြုသင့်၊ မပြုသင့် ဆင်ခြင်တုံတရားဖြင့် လောကလူသား သတ္တဝါအများအပေါ် မေတ္တာတရားများ လွှမ်းခြုံစေခြင်းဖြစ်သည်။ လောက၌ ကိုးကွယ်ယုံကြည်ကြသော မည်သည့်ဘာသာမဆို မေတ္တာတရားအပေါ် အခြေခံထားပြီး လောကကောင်းကျိုးကို ရှေးရှုနေသည်။

မျက်မှောက်ကာလ လူ့ဘောင်လောက၌ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ အတ္တ၊ ဣဿာ၊ မစ္ဆရိယ အားကြီးလာသဖြင့် လူအချင်းချင်းအမုန်းပွားပြီး ရန်စစ်ခင်းနေသည်မှာ စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်၏။ ‘ငါနဲ့မတူ ငါ့ရန်သူ’ ဟု သဘောထားပြီး အမုန်းတရားများက အဆုံးမသတ်နိုင်ဘဲ နောက်ဆုံးကြေပြုန်းရသည့် အဖြစ်ဆိုးများမှာ မေတ္တာတရားကို မပွားများနိုင်ခြင်း၏ အဓိကအကြောင်းရင်းဖြစ်ပေသည်။ ထို့ကြောင့် လောကလူသားကောင်းကျိုးများ၍ ငြိမ်းချမ်းသာယာဝပြောရေးအတွက် ဘာသာတရားတိုင်း၏ အဆုံးအမနှင့်အညီ လူတိုင်းလူတိုင်း ကိုယ်စီကိုယ်စီ မေတ္တာဓာတ်များကိန်းဝပ်အပ်ပြီး နေ့စဉ်ဆတိုးပွားများ အားထုတ်သင့်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ St. Mary’s Cathedral Church ၌ ကျင်းပသော ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပြီး “ဘာသာတရားဟူသည်မှာ လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းစေရေးအတွက် အဆုံးအမတစ်ခုပင်ဖြစ်သည်ဟု မိမိယုံကြည်ပါကြောင်း၊ အသိတရားတစ်ခုလည်းဖြစ်ပြီး ဘာသာတရားမှတစ်ဆင့် ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးရမည်ဖြစ်ကြောင်း၊ လူသားတို့၏ အတွင်းစိတ်သန္တာန် အေးချမ်းမှသာ လူမှုဝန်းကျင်တစ်ခုလုံး ငြိမ်းအေးမှုအရသာကို ခံစားကြရမည်ဖြစ်ကြောင်း၊ ကိုးကွယ်သည့်ဘာသာတရားများ မတူကွဲပြားသော်လည်း လူအချင်းချင်းကြားတွင် မေတ္တာတရားများ ဖုံးလွှမ်းနေရေးအတွက် ဘာသာတရားများ၏ အခြေခံဖြစ်သည့် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းတို့ကို လိုက်နာရမည်ဖြစ်သကဲ့သို့ အစွန်းရောက်ခြင်း၊ တစ်ယူသန်ခြင်းတို့ကိုလည်း ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် မည်သည့်ဘာသာကိုမဆို လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရနေသော လွတ်လပ်သည့်နိုင်ငံတွင် မှီတင်း နေထိုင်ကြသူများဖြစ်သည်။ အထူးသဖြင့် အများစုယုံကြည်ကြသော ဘာသာကြီးလေးမျိုး၏ နေ့ကြီးရက်ကြီးများတွင် ဆိုင်ရာဘာသာအလိုက် ပွဲလမ်းသဘင်များနှင့် ဆုတောင်းမေတ္တာပို့သပွဲများ ပြုလုပ်လေ့ရှိသည်။ ယေရှုခရစ်တော်မွေးဖွားခြင်းကို အထိမ်းအမှတ်ပြုသည့် ခရစ္စမတ်ကာလတွင် လူအများကို ပြုံးပျော်စေသည့်၊ ပျော်ရွှင်ချမ်းမြေ့စေသည့် ကောင်းသောအမှုကိုပြုကြသည်။ မြန်မာနိုင်ငံတွင် ဘာသာသာသနာနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် ပုဒ်မ များပြဋ္ဌာန်းထားပြီး ဥပဒေကြောင်းအရ အာမခံချက်များပေးထားသည်။ နိုင်ငံသားတိုင်း၏ ဘာသာ၊ သာသနာရေးတွင် အညီအမျှအခွင့်အရေးများ ပြဋ္ဌာန်းလုပ်ကိုင်ခွင့် ပြုထားသည်။

မြန်မာနိုင်ငံတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယုံကြည်မှုပေါင်းစုံတို့ဖြင့် သဟဇာတဖြစ်စွာ အတူယှဉ်တွဲ စုစည်းနေထိုင်ခဲ့ကြသည်မှာ အားလုံးအသိပင် ဖြစ်သည်။ ထိုသို့ မတူကွဲပြားမှုများကြားတွင် တစ်ဦးနှင့်တစ်ဦး သဘောထားကြီးစွာ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်သည်းခံမှု၊ တစ်ဦးနှင့်တစ်ဦး မေတ္တာတရား ထားမှုများဖြင့် စည်းလုံးညီညွတ်မှုကို တည်ဆောက်ထားကြသည်။ ဤသို့ မွန်မြတ်သော လူ့အဖွဲ့အစည်းကြီးအတွင်း မိမိတို့၏ လိုအင်ဆန္ဒများကို မေတ္တာတရား အရင်းခံဖြင့် ဆောင်ကြဉ်းသင့်သည်။ ရန်လိုမုန်းပွားအမုန်းတရားများဖြင့် မိမိတို့လိုအင်ဆန္ဒများကိုရယူခြင်းသည် ငြိမ်းချမ်းသာယာဝပြောသော လူ့ဘောင်လောကသစ်ကို မည်သည့်အခါမျှ တည်ဆောက်နိုင်မည်မဟုတ်ပေ။

သို့ဖြစ်ရာ ငြိမ်းချမ်းသာယာဝပြောသော လူ့ဘောင်လောကသစ်ကို တည်ဆောက်နိုင်ရန်အတွက် ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသူနိုင်ငံသားများအနေဖြင့် မိမိတို့၏ ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့ကိုကောင်းသည် ထက်ကောင်းအောင် အစဉ်ပြုပြင်၍ မေတ္တာတရားများ တိုးပွားရှင်သန်စေပြီး ပြည်ထောင်စုကြီးကောင်းကျိုးကို ဆောင်ကြဉ်းကြစေလိုပါကြောင်း။ ။