Skip to main content

နိုင်ငံ့ဂုဏ်သိက္ခာကိုထိပါးမှုနှင့် နိုင်ငံနှင့်လူမျိုးအတွက် အန္တရာယ်

နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ဂုဏ်သိက္ခာကျဆင်းအောင် မျက်နှာအိုးမဲသုတ်နေသည့်အကြောင်းအရာနှစ်ခုရှိသည်။ တစ်ခုမှာ မူးယစ်ဆေးဝါးတရားမဝင်ထုတ်လုပ်ရောင်းချခြင်းနှင့် နောက်တစ်ခုမှာ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများပင်ဖြစ်သည်။ မူးယစ်ဆေးဝါးနှင့်စပ်လျဉ်း၍ ဘိန်းစိုက်ပျိုးခြင်း၊ ဓာတုပစ္စည်းများကို အခြေခံ၍ထုတ်လုပ်သည့် မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးများထုတ်လုပ်ခြင်း၊ သယ်ဆောင်ရောင်းဝယ်ခြင်းတို့မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အွန်လိုင်းငွေလိမ်မှုနှင့် လောင်းကစားလုပ်ငန်းများမှာ များစွာမကြာလှသေးသော်လည်း နိုင်ငံ၏ပုံရိပ်ကို များစွာညှိုးနွမ်းစေခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ နယ်နိမိတ်သည် အိမ်နီးချင်းနိုင်ငံငါးနိုင်ငံနှင့် ထိစပ်လျက်ရှိပြီး နယ်စပ်ဒေသအများစုမှာ ခေတ်အဆက်ဆက်ကပင် နိုင်ငံတော်အစိုးရ၏ တရားဥပဒေစိုးမိုးမှုနှင့် အလှမ်းဝေးကြသည်။ မိုင်ပေါင်းထောင်ချီသည့် နယ်နိမိတ်မျဉ်းတစ်လျှောက်တွင် လူမျိုးစုလက်နက်ကိုင်အဖွဲ့များက သူ့နေရာနှင့်သူထိန်းချုပ်ထားကြပြီး ပြည်တွင်းမှ ဓာတ်သတ္တုနှင့် သယံဇာတများ၊ ကျောက်စိမ်းကျောက်မျက်များ၊ သစ်နှင့်တောရိုင်းတိရစ္ဆာန်များ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ရောင်းဝယ်ဖောက်ကားခြင်း၊ မူးယစ်ဆေးများထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်း၊ ယခုနောက်ဆုံး ကျားဖြန့်ခေါ်အွန်လိုင်းငွေလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများနှင့် ဆက်စပ်နေသော ရာဇဝတ်မှုများကျူးလွန်ခြင်းတို့မှာ အဆိုပါဒေသများတွင် ဖြစ်ပေါ်နေခြင်းဖြစ်သည်။ အဆိုပါ တရားမဝင်လုပ်ငန်းများမှာ ဒေသအသီးသီးကို ထိန်းချုပ်ထားကြသည့် လက်နက်ကိုင်အဖွဲ့အသီးသီးတို့၏ အသက်သွေးကြောများပင်ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်ပိုင်းတို့ကို သန်းကြွယ်၊ ကုဋေကြွယ်သူဌေးများအဖြစ် ပြည်ပနိုင်ငံများတွင် စည်းစိမ်ခံဘဝများကို ပိုင်ဆိုင်နိုင်စေသည်။ ဤသည်မှာ လူမျိုးစုလက်နက်ကိုင်အဖွဲ့အများစုတို့ ငြိမ်းချမ်းရေးအတွက် ရွှေလက်နှင့်ခေါ်လည်းမလာရသည့် အကြောင်းရင်းတစ်ရပ်လည်းဖြစ်သည်။

လူမျိုးစုလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့်ဒေသများရှိ တရားမဝင်လုပ်ငန်းများအနက် ကျားဖြန့်အွန်လိုင်းငွေလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းမှာ နောက်ဆုံးပေါ်လုပ်ငန်းဖြစ်ပြီး ၎င်းလုပ်ငန်းများ မည်မျှကြီးထွားနေသည်ကို မိမိတို့ပြည်တွင်းနေ ပြည်သူအများစုမှာ မသိရှိနိုင်ကြဘဲ အခြားနိုင်ငံများမှ သတင်းများတွင် တွေ့ရှိရမှသာ အံ့ဩကြရခြင်းဖြစ်သည်။ နယ်စပ်မျဉ်းနှင့်ကပ်လျက်တည်ရှိနေပြီး စီးပွားရေးလုပ်ငန်းမည်မည်ရရ မပြနိုင်သည့်မြို့တွင် အမေရိကန်ပြည်ထောင်စုရှိ လတ်စ်ဗီးဂတ်စ်မြို့ကြီးအလား လျှပ်စစ်ရောင်စုံမီးများ ထိန်ထိန်ညီးကာစည်ကားနေပုံများ၊ နတ်ဘုံတမျှ ခမ်းနားလှပသည့် အဆိုပါမြို့မှ ငရဲခန်းများ၊ မြန်မာတစ်နိုင်ငံလုံး၏ ဂျီဒီပီထက် နှစ်ဆသုံးဆများပြားသည့် လိမ်လည်မှုနှင့် လောင်းကစားမှုငွေပမာဏများ စသည်တို့မှာ မြန်မာပြည်သူများအတွက် ပါးစပ်အဟောင်းသား အံ့ဩဖွယ်ရာများချည်းသာဖြစ်သည်။ လူ့ခန္ဓာကိုယ်တွင် အနာရောဂါစွဲကပ်သလို နိုင်ငံတွင်စွဲကပ်လာသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ၎င်းတို့ကျူးလွန်နေကြသည့် ရာဇဝတ်မှုများမှာ မိမိတို့နိုင်ငံကို နိုင်ငံတကာက အထင်အမြင် လွဲမှားဖွယ်ဖြစ်သကဲ့သို့ နိုင်ငံနှင့်လူမျိုးအတွက်လည်း အန္တရာယ်ဖြစ်ရာ မည်သည့်နည်းနှင့်မဆို ဖယ်ရှားရှင်းလင်းနှိမ်နင်းသွားရမည်သာ ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်တွင်းမတည်မငြိမ်မှုများ ဖြစ်ပေါ်နေချိန်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အပြင်းအထန်ဆောင်ရွက်နေရချိန်တွင် အခွင့်ကောင်းယူကာ နိုင်ငံအစွန်အဖျားဒေသများတွင် ဝင်ရောက်ခြေရှုပ်လာသည့် ပြည်ပရာဇဝတ်ဂိုဏ်းများနှင့် ပြည်တွင်းလောက်ကောင်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မဖြစ်မနေချေမှုန်းရာတွင် နိုင်ငံသူနိုင်ငံသားအားလုံး တစ်တပ်တစ်အား ပါဝင်ကြရပါမည့်အကြောင်း။ ။