Skip to main content

ဓမ္မစေတီထိုက်သည့် သာသနာ့အာဇာနည် နှစ်နှစ်ဆက်တိုက် ပေါ်ထွက်လာခဲ့ပြီ

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ ၃၃ ရက်တိုင်တိုင် ကျင်းပခဲ့သော (၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးမှ တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် ဆရာတော်တစ်ပါး ပေါ်ထွန်းလာခဲ့ပြန်ပြီဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သည့် (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးတွင်လည်း တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် ဆရာတော်တစ်ပါးထွက်ပေါ်ခဲ့ရာ နှစ်နှစ်ဆက်တိုက်နှစ်မခြားဘဲ သာသနာ့အာဇာနည်ဆရာတော်များ ထွက်ပေါ်လာခြင်းပင်ဖြစ်သည်။

(၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးမှ ထွက်ပေါ်လာသော (၁၇) ပါးမြောက် သာသနာ့အာဇာနည်ဆရာတော်မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ တိပိဋက မဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်မှ အရှင်သေဋ္ဌဉာဏာလင်္ကာရ၊ သက်တော် ၄၅ နှစ်၊ သိက္ခာ ၂၃ ဝါ ဖြစ်သည်။ ယမန်နှစ်က ပေါ်ထွက်ခဲ့သည့် (၁၆) ပါးမြောက် သာသနာ့အာဇာနည် ဆရာတော်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ တိပိဋကနိကာယကျောင်းတိုက်မှ အရှင်ပညာသိရီ လင်္ကာရဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၁၀ ပြည့်နှစ် (ခရစ်နှစ် ၁၉၄၈ ခုနှစ်) မှ စတင်ကျင်းပလာခဲ့သည့် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲသည် ၃၃ ရက်ကြာမြင့်အောင် ဖြေဆိုကြရခြင်းဖြစ်ရာ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးနှင့် အခက်ခဲဆုံးစာမေးပွဲတစ်ခုဖြစ်သည်။

တိပိဋကဓရ ခေါ် ပိဋကတ်သုံးပုံကို နှုတ်ငုံဆောင်နိုင်သောစာမေးပွဲကို အောင်မြင်ရန်အတွက် ဝိနည်းနှစ်ကျမ်း (၈၅၁ မျက်နှာ)၊ ဝိနည်းသုံးကျမ်း (၁၄၀၉ မျက်နှာ)၊ သုတ်သုံးကျမ်း (စာမျက်နှာ ၇၇၉ မျက်နှာ)၊ အဘိဓမ္မာအရှေ့ပိုင်း ငါးကျမ်း (စာမျက်နှာ ၁၃၉၀ မျက်နှာ)၊ အဘိဓမ္မာနောက်ပိုင်း (စာအုပ်ရေ ရှစ်အုပ်၊ စာမျက်နှာပေါင်း ၃၅၉၇ မျက်နှာ) စုစုပေါင်း ကျမ်းစာအုပ်ပေါင်း ၂၀၊ စာမျက်နှာပေါင်း ၈၀၂၆ မျက်နှာတို့ကို အပိုင်းငါးပိုင်းအနက် တစ်ပိုင်းချင်း အလွတ်နှုတ်ငုံဆောင် အာဂုံပြန်ဖြေဆိုကြရခြင်းဖြစ်သည်။ အာဂုံပြန်ဖြေဆိုရာတွင် အထစ်အငေါ့မရှိဖြေဆိုကြရပြီး စာထောက်စာမ ငါးကြိမ်ထက်ပိုပါက ကျရှုံးအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။ သဘောရေးဖြေ ဖြေဆိုရာတွင်လည်း မူရင်းပါဠိတော်၊ မူရင်းပါဠိတော်၏ အဖွင့်အဋ္ဌကထာ၊ အဋ္ဌကထာ၏ အဖွင့်မူလဋီကာ၊ အနုဋီကာ၊ မဓုဋီကာ၊ ယောဇနာ၊ ဂဏ္ဍိကျမ်းများ၊ မြန်မာဘာသာဖြင့် ဖွင့်ဆိုရေးသားထားသည့် ဒီပနီကျမ်းများ၊ ဆိုရိုးကျမ်းများအရ ကောက်ကျမ်းများစသည်ဖြင့် ပိဋကတ်တော်နှင့် ဆက်စပ်သမျှ အနက်အဓိပ္ပာယ်အားလုံး မေးသမျှဖြေဆိုရသည့်အတွက် အောင်မြင်ရန်ခက်ခဲလှသော စာမေးပွဲပင် ဖြစ်သည်။

တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီး၏ ခက်ခဲနက်နဲမှုကြောင့် စတင်ကျင်းပခဲ့သည့် ၁၃၁၀ ပြည့်နှစ်မှ ယခုအချိန်အထိ တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့ အာဇာနည် ဆရာတော်ကြီး ၁၇ ပါးမျှသာ ပေါ်ထွန်းနိုင်ခဲ့သည့်အနက် တတိယအကြိမ်မြောက်ကျင်းပသည့် တိပိဋကဓရရွေးချယ်ရေးစာမေးပွဲမှ ထွက်ပေါ်လာသည့် မင်းကွန်းဓမ္မနာဒဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ အရှင်သူမြတ်မှာ ပိဋကတ်သုံးပုံ အာဂုံနှင့် ရေးဖြေနှစ်ရပ်လုံးတွင် ဂုဏ်ထူးဖြင့် အထူးအောင်ခဲ့သည့် လွန်စွာထူးခြားသော ဆရာတော်ကြီးပင်ဖြစ်သည်။ ဆရာတော်ကြီး၏ ဉာဏ်ရည်ထက်မြက်မှု ဂုဏ်သတင်းမှာ ကမ္ဘာသို့ပင် ပျံ့နှံ့ကျော်ကြားခဲ့သည်။

တိပိဋက ရွေးချယ်ရေးစာမေးပွဲကြီးကို ကျင်းပခြင်းသည် ဗုဒ္ဓသာသနာတော်အတွင်း ဘုန်းကံပါရမီထူး၊ ဉာဏ်ပညာထူးတို့နှင့်ပြည့်စုံသော ပုဂ္ဂိုလ်ထူးတို့ကိုဖော်ထုတ်ရေး၊ ပရိယတ္တိ သာသနာတော်ကြီးကို အားပေးချီးမြှောက်ရာတွင် အထက်တန်းအကျဆုံးချီးမြှောက်ရေး၊ သာသနာတော်အတွင်း ဓမ္မစေတီထိုက်သော ပိဋကတ်အာဂုံဆောင် ပုဂ္ဂိုလ်ထူးဖော်ထုတ်ရေးဟူသော ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ရာ သက်တော်ထင်ရှား သာသနာ့အာဇာနည်ဆရာတော်များ ပေါ်ထွန်းလာခြင်းအားဖြင့် လောကလူသားတို့၏ အကျိုးစီးပွား ချမ်းသာများစေမည့် သာသနာတော်သုံးရပ် အရှည်တည်တံ့ခိုင်မာစေကြောင်း ကောင်းမြတ်သည့်အကြောင်းတရားဖြစ်ပါကြောင်း။ ။