Skip to main content

သာသနာ့အာဇာနည်အရှင်သူမြတ်ပေါ်ထွန်း ဗုဒ္ဓသာသနာရောင်ဝါ နေလပမာထွန်းလင်း

လောကအားလုံးကိုသိတော်မူသော အတုမရှိ သဗ္ဗညုတဘုရားရှင်သည် ၄၅ ဝါကာလပတ်လုံး လောကီ၊ လောကုတ္တရာနှစ်ဖြာသော အကျိုးစီးပွားတို့ကို ဖြစ်ပေါ်စေနိုင်သော တရားတော်များကို ဟောကြားတော်မူခဲ့သည်။ ဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်များ မပျောက်ပျက်သွားစေရန်နှင့် ဘုရားရှင်၏ သာသနာတော် နှစ်ပေါင်း ၅၀၀၀ မကကြာအောင် တည်တံ့ပြန့်ပွားစေရန် ရှင်မဟာကဿပစသည့် ရဟန္တာမထေရ်ကြီးများက သင်္ဂါယနာအဆင့်ဆင့် တင်တော်မူခဲ့သည်။

ဤသို့ သင်္ဂါယနာအဆင့်ဆင့်တင်ခြင်းအားဖြင့် ဘုရားရှင်ပရိနိဗ္ဗာန်စံယူပြီးနောက် ရှင်မဟာကဿပအမှူးပြုသော သံဃာတော်အဆက်ဆက်၊ မင်းအဆက်ဆက်တို့သည် ဘုရားရှင်ထားတော်မူခဲ့သော တရားမြတ်များနှင့် သာသနာတော် နှစ်ပေါင်း ၅၀၀၀ မကကြာအောင် အစဉ်တည်တံ့သန့်ရှင်းပြန့်ပွားရေးအတွက် သဒ္ဓါတရား၊ ဝီရိယတရား၊ ဉာဏ်ပညာအားကြီးမားစွာဖြင့် အစဉ်အဆက်ထမ်းရွက် စောင့်ရှောက်တော်မူခဲ့သည်။ မျက်မှောက်ကာလတွင် နိုင်ငံတော်အစိုးရနှင့် ပြည်သူများ၏ အားကြိုးမာန်တက်ဆောင်ရွက်မှု၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီး ဦးဆောင်သော သံဃာတော်အရှင်မြတ်များ၏ သာသနာတော်အတွက် အလေးအနက်ထားဆောင်ရွက်မှုတို့ကြောင့် ထေရဝါဒဗုဒ္ဓသာသနာတော်သည် အရှိန်အဟုန်ဖြင့် ပရိယတ္တိ၊ ပဋိပတ္တိ ဘက်စုံတိုးတက်လာသည်။

ကမ္ဘာပေါ်တွင် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်ဆည်းကပ်သော နိုင်ငံငါးနိုင်ငံတွင် မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓသာသနာကို တန်ဖိုးအထားဆုံး၊ အလေးထားဆုံး၊ အထွန်းလင်းအတောက်ပဆုံးနိုင်ငံဖြစ်သည်။ သမိုင်းအဆက်ဆက်၊ ခေတ်အဆက်ဆက်တွင် သာသနာ့သူရဲကောင်းအာဇာနည် အရှင်သူမြတ်များပေါ်ထွန်းခဲ့သည်။ သာသနာတော် အစဉ်ထွန်းလင်းတောက်ပစေရန်အတွက် သာသနာတော်ဆိုင်ရာစာမေးပွဲများကို နှစ်စဉ်ကျင်းပပေးလျက်ရှိသည်။ သာသနာ့အာဇာနည်အရှင်မြတ်များ နှစ်စဉ်ပေါ်ထွန်းလျက်ရှိပြီး သာသနာတော်အကျိုးကိုသယ်ပိုးကာ ဗုဒ္ဓသာသနာတော်ကြီး နေလိုလလိုထွန်းတောက်အောင် ကြိုးပမ်းအားထုတ်လျက်ရှိသည်။ ဗုဒ္ဓသာသနာတွင် တိပိဋကဓရ တိပိဋကကောဝိဒစာမေးပွဲသည် အနက်နဲဆုံးဖြစ်သည်။

တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးကို ၁၃၁၀ ပြည့်နှစ် (၁၉၄၈ ခုနှစ်) မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့်နှစ်မှစ၍ စတင်ကျင်းပခဲ့ရာ ယခု အချိန်အထိ (၇၇) ကြိမ်မြောက် ကျင်းပခဲ့ပြီးဖြစ်သည်။ ပထမအကြိမ်မှ (၇၆) ကြိမ် မြောက်အထိ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် (၁၆) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် ပေါ်ထွန်းခဲ့ပြီးနောက် နှစ်မခြားဘဲ ယခုနှစ် ၁၃၈၆ ခုနှစ် (၂၀၂၅ ခုနှစ်) (၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်တစ်ပါး (၁၇)ပါးမြောက် ထပ်မံပေါ်ထွန်းလာပြန်ရာ ထေရဝါဒဗုဒ္ဓသာသနာနိုင်ငံအတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူရပြီး ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ဦးညွှတ်ပူဇော် သာဓုခေါ်ဆိုကြမည်ဖြစ်သည်။

ယခုနှစ် (၇၇) ကြိမ်မြောက် ကျင်းပသောစာမေးပွဲကြီးတွင် အဘိဓမ္မာ (နောက်ပိုင်း) ဖြစ်သော ယမကနှင့် ပဋ္ဌာနဟူသည့် ခက်ခဲနက်နဲလှသော ကျမ်းနှစ်ဆူ၏ ခဲရာခဲဆစ်သဘောအဓိပ္ပာယ်များကို အရှင်သေဋ္ဌဉာဏာ လင်္ကာရ၊ သက်တော် ၄၅ နှစ်၊ ဝါတော် ၂၃ ဝါသည် အောင်မြင်စွာဖြေဆိုနိုင်ခဲ့သဖြင့် တိပိဋကဓရ တိပိဋက ကောဝိဒဘွဲ့တံဆိပ်တော်၊ အောင်လက်မှတ်၊ အရိုးဝါကနက္ကဒဏ် ထီးဖြူတော် (၃) လက် အမှတ်တံဆိပ်ပါ သာသနာ့အောင်လံတော်ကို ခံယူရရှိခြင်းနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်က ဆက်ကပ်လှူဒါန်းသော ကုန်း၊ ရေ၊ လေ သုံးဌာန အခမဲ့အထက်တန်းခရီးသွားလက်မှတ် (ရာသက်ပန်) (တပည့်နှစ်ဦးအပါအဝင်) ဆွမ်းဆန်တော်စသည်တို့ကို အလှူခံရရှိတော်မူမည်ဖြစ်၍ အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်ကာ ဖရဏာပီတိဂွမ်းဆီထိသကဲ့သို့ ဝမ်းမြောက်ဝမ်းသာ ခံစားကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် ယခုကျင်းပသော (၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် သင်ရိုးပိဋကတ်တော်များ၏ အဖွင့်ကျမ်းများဖြစ်သော အဋ္ဌကထာ၊ ဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဂဏ္ဌိ၊ နိဿယများလာ ခက်ခဲနက်နဲသော သဘောအဓိပ္ပာယ်တို့ကို ဆရာတော်၏ သဒ္ဓါစွမ်းအား၊ သတိစွမ်းအား၊ သမာဓိစွမ်းအား၊ ပညာစွမ်းအားတို့ဖြင့် ဖြေဆိုအောင်မြင်တော်မူခဲ့ပြီးဖြစ်၍ နိုင်ငံတော်ကဆက်ကပ်သော တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူမည်ဖြစ်သည်။

သို့ဖြစ်ရာ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး သာသနာနှစ်ပေါင်း ၅၀၀၀ မက တည်တံ့ဖြစ်ထွန်း ထွန်းလင်းတောက်ပစေရန် ပရိယတ္တိ၊ ပဋိပတ္တိ သာသနာအနက် အဓိကကျသည့် ပရိယတ္တိသာသနာထွန်းကားအောင် အထူးလိုအပ်လျက်ရှိရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပရိယတ္တိသာသနာတော်ကို ချီးမြှင့်ထောက်ပံ့ မြှင့်တင်ဆောင်ရွက်တော်မူကြမည့် သာသနာ့အာဇာနည်အရှင်သူမြတ်များ စဉ်ဆက်မပြတ်ပေါ်ထွန်းလျက်ရှိခြင်းကြောင့် မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာတော်ကြီး နေလပမာ ထွန်းလင်းတောက်ပနေမည်ဖြစ်ပါကြောင်း။ ။