Skip to main content

နိုင်ငံပိုင်သယံဇာတများကိုကာကွယ် ဥပဒေမဲ့ပြုလုပ်မှုများကိုတိုက်ဖျက်

မြန်မာနိုင်ငံသည် မြေပေါ်မြေအောက် တွင်းထွက်သယံဇာတပစ္စည်းများပေါများကြွယ်ဝသောနိုင်ငံဖြစ်သည်။ ရွှေ၊ ငွေ၊ ကြေးနီ၊ သွပ်၊ သံ၊ ရေနံ၊ အဖြိုက်နက်၊ သစ်တောသစ်ပင်များအပါအဝင် တွင်းထွက်ကျောက်မျက်ရတနာများ များစွာထွက်ရှိသည်။ အဆိုပါပစ္စည်းများသည် နိုင်ငံတော်ပိုင်ဖြစ်သည်။ နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတ ပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းထားသည်။

အဆိုပါ သဘာဝသယံဇာတပစ္စည်းများအားလုံးကို နိုင်ငံတော်က သယံဇာတပစ္စည်းများအလိုက် ဥပဒေများပြဋ္ဌာန်းပေးထားပြီး ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့်အညီ သက်ဆိုင်ရာနိုင်ငံပိုင်အဖွဲ့အစည်းများက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ စနစ်တကျလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ သဘာဝသယံဇာတပစ္စည်းများ ထုတ်လုပ်ရောင်းချမှုမှရရှိသည့်ငွေကြေးများကို နိုင်ငံတော်၏ဘဏ္ဍာငွေစာရင်းသို့ ထည့်သွင်းပြီး နိုင်ငံအကျိုးပြုရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ အများပြည်သူ အကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် စနစ်တကျခွဲဝေကာ အလေအလွင့်မရှိစေဘဲ အကျိုးရှိစွာအသုံးပြုလျက်ရှိသည်။

ထို့ပြင် နိုင်ငံပိုင်သယံဇာတပစ္စည်းများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့်ဥပဒေပြဋ္ဌာန်းရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်နှင့်အညီ နိုင်ငံပိုင်သယံဇာတပစ္စည်းများ၏ သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေများလည်းပြဋ္ဌာန်းထားပြီး သယံဇာတထုတ်ယူ ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက်ခွင့်ပြုထားသည်။ နိုင်ငံသားများအတွက် ပုဂ္ဂလိကလုပ်ကိုင်ခွင့်များ၊ ဖက်စပ်လုပ်ကိုင်ခွင့်များ၊ နိုင်ငံခြားသားများအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ကိုင်ခွင့်ဥပဒေများနှင့်အညီ စနစ်တကျလုပ်ကိုင် ဆောင်ရွက်ခွင့်ပြုပေးလျက်ရှိသည်။

သို့ရာတွင် နိုင်ငံတော်အတွင်းရှိ ဒေသအချို့၌ လက်ရှိဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်တိုက်ခိုက်မှုများ၊ လက်နက်ကိုင်သောင်းကျန်းမှုများကို အခွင့်ကောင်းယူလျက် အကြမ်းဖက်သောင်းကျန်းသူများအပါအဝင် မတော်လောဘစီးပွားရေးသမားများက နိုင်ငံပိုင်သယံဇာတပစ္စည်းများကို ဥပဒေမဲ့ခိုးထုတ်ရောင်းချနေကြသည်ကို တွေ့ရသည်။ အကြမ်းဖက်သောင်းကျန်းသူများသည် နယ်မြေဒေသအချို့ကို တိုက်ခိုက်၍ အဆိုပါဒေသများမှထွက်ရှိသော သယံဇာတပစ္စည်းအမျိုးမျိုးတို့သာမက မူးယစ်ဆေးဝါးများဖြင့်ပါ ကိုယ်ကျိုးစီးပွားရှာဖွေပြီး ငွေကြေးတောင့်တင်းလာကာ လူသူလက်နက်အင်အားကြီးထွားလာအောင် လုပ်ကိုင်နေကြသည်ကို တွေ့ရသည်။

အကြမ်းဖက်နှင့်လက်နက်ကိုင်သောင်းကျန်းသူများ၏ နယ်မြေဒေသများ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ပြုလုပ်နေမှုများကိုအကြောင်းပြု၍ မတော်လောဘ စီးပွားရေးသမားများက နိုင်ငံပိုင်သယံဇာတများကို ဥပဒေမဲ့ခိုးထုတ်ပြီး အကြမ်းဖက်အုပ်စုများကို ထောက်ပံ့ခြင်း၊ လက်နက်ကိုင်သောင်းကျန်းသူများအား ထောက်ပံ့ခြင်းများကို ပြုလုပ်နေကြောင်း သိရှိရသည်။ ထိုသို့ မတော်လောဘဖြင့် နိုင်ငံပိုင်သယံဇာတပစ္စည်းများကို ဥပဒေမဲ့ခိုးထုတ်ရောင်းချကြရာတွင် ဥပဒေကို မသိနားမလည်သည့်အပြင် ဆင်းရဲနွမ်းပါးသည့် ဒေသခံတိုင်းရင်းသား ပြည်သူများကို လုပ်ခငွေကြေးများပေးပြီး ဆွဲဆောင်စည်းရုံးကာ အလုပ်လုပ်ကိုင်စေလျက်ရှိသည်။

နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်လုံခြုံရေးအဖွဲ့အစည်းများသည် နယ်မြေဒေသများ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်ပြုလုပ်ပြီး အကြမ်းဖက်မှုများ၊ ဒုစရိုက်မှုများလုပ်ကိုင်နေသည့် အကြမ်းဖက်သမားများနှင့် လက်နက်ကိုင်သောင်းကျန်းသူများကို စွန့်လွှတ်စွန့်စားမှုများစွာဖြင့် မျက်ခြည်မပြတ်တိုက်ခိုက် နှိမ်နင်းလျက်ရှိသည်။ အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းရာနေရာဒေသအချို့တွင် မတော်လောဘသားများနှင့်၎င်းတို့စေခိုင်းသည့် မသိနားမလည်သော ဒေသခံတိုင်းရင်းသားပြည်သူများသည် သယံဇာတပစ္စည်းများကို ဥပဒေမဲ့တရားမဝင် လုပ်ကိုင်နေကြသည်။ ယင်းသို့ လုပ်ကိုင်ကြခြင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုလုပ်ခြင်းဖြစ်၍ ယင်းကဲ့သို့ ဥပဒေမဲ့ခိုးထုတ်မှုများတွင် ဝင်ရောက်လုပ်ကိုင်နေကြသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် အထူးသတိပြုရန်လိုအပ်ပါသည်။

ထိုကဲ့သို့ မတော်လောဘဖြင့် နိုင်ငံပိုင်သယံဇာတပစ္စည်းများကို ဥပဒေမဲ့လုပ်ကိုင် တရားမဝင်ခိုးထုတ်နေကြပြီး အကြမ်းဖက်အုပ်စုများနှင့် လက်နက်ကိုင်သောင်းကျန်းသူများအား ထောက်ပံ့ပေးနေသည့်လုပ်ရပ်များကို နိုင်ငံတော်အနေဖြင့် ရှာဖွေစိစစ်ဖော်ထုတ်၍ လိုအပ်သလို အရေးယူတိုက်ဖျက်ဆောင်ရွက်သွားမည်ဟုသိရသည်။ သို့ဖြစ်ရာ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဥပဒေမဲ့ သယံဇာတပစ္စည်းများ ခိုးထုတ်နေသည့်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေခြင်းကို အထူးသတိပြုပြီး ယင်းလုပ်ရပ်များအား တိုက်ဖျက်နှိမ်နင်းသည့်အခါ မပါဝင်အောင်ရှောင်ရှားကြရန် သက်ဆိုင်ရာက သတိပေးနှိုးဆော်ထားသည်ကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။ ။