နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ ဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု ချောမွေ့လွယ်ကူရေးသည် အရေးကြီးသောကဏ္ဍများဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်၊ နိုင်ငံအတွင်း စားရေရိက္ခာဖူလုံပြီး ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ပြည်ပပို့ကုန်၊ သွင်းကုန်များကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဆိပ်ကမ်းလုပ်ငန်းများသည် အရေးပါသောကဏ္ဍဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ်လ ၁၅ ရက်နေ့က ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ စွမ်းဆောင်မှုအခြေအနေများနှင့် ကုန်သွယ်မှုဆိုင်ရာအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ပြည်ပပို့ကုန်မြှင့်တင်တင်ပို့နိုင်ရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်အခြေအနေများကို အသေးစိတ်ပြောကြားခဲ့သည်။
“မိမိတို့နိုင်ငံမှ ဆိပ်ကမ်းသည် အရှေ့တောင်အာရှတွင် ပို့ကုန်များ အဓိကတင်ပို့သည့် ဆိပ်ကမ်းတစ်ခုဖြစ်ခဲ့ကြောင်း၊ ယခုအခါ အကြောင်းအမျိုးမျိုးတို့ကြောင့် ပို့ကုန်များတင်ပို့မှုလျော့နည်းလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ ကန့်သတ်ချက်များကိုကျော်လွှား၍ ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေး နည်းလမ်းရှာဖွေဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် သင်္ဘောများဆိုက်ကပ်ခွင့်ခွဲဝေပေးရာတွင် ဆိပ်ကမ်းများ၌ မျှ၍ဆိုက်ကပ်ခွင့်ပေးရန်လိုကြောင်း၊ ဝင်ရောက်လာသည့် သင်္ဘောအမျိုးအစားများအလိုက်၊ အရွယ်အစားအလိုက် ဆိပ်ကမ်းများတွင် ဆိုက်ကပ်ခွင့်ကို စဉ်းစားဆောင်ရွက်ရန်လိုကြောင်း” ပြောကြားခဲ့သည်။
ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများရှိသဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို တိုးမြှင့်၍ ပို့ကုန်မြှင့်တင်ရန်လိုသည်။ ဈေးကွက်ရှိပြီးဖြစ်သည့် ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရန် ကြိုးစားရမည်ဖြစ်သည်။ အဓိကအားဖြင့် စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများကို ပိုမိုထုတ်လုပ်တင်ပို့ရန်နှင့် စက်မှုစိုက်ပျိုးရေးထုတ်ကုန်များ၊ စားသောက်ကုန်များကို တင်ပို့ပြီး ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်သည်။ ဈေးကွက်ရှိပြီး ရော်ဘာနှင့်ကော်ဖီကဲ့သို့ ထုတ်ကုန်များ အရည်အသွေးပြည့်မီစွာ တန်ဖိုးမြင့်ထုတ်လုပ်နိုင်ရေး စိုက်ဧကများ တိုးချဲ့ဆောင်ရွက်သွားရန်လိုသည်။
ပို့ကုန်များ တိုးမြှင့်ရရှိရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက်အတိုင်း ပြည့်မီအောင် ဆောင်ရွက်ကြရန်လိုပြီး အထွက်နှုန်းကောင်းမွန်မှ ပြည်ပပို့ကုန်များလည်း တိုးတက်လာမည်ဖြစ်သည်။ ဆီထွက်သီးနှံများကိုလည်း ပိုမိုတိုးတက်အောင် ထုတ်လုပ်ခြင်းဖြင့် ပြည်ပမှစားသုံးဆီတင်သွင်းနေမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ ပြောင်းကုန်ကြမ်းများကိုလည်း ကုန်ကြမ်းအစား တန်ဖိုးမြှင့်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်ရေး အဆင့်ဆင့်ပြောင်းလဲဆောင်ရွက်သွားရန်လိုသည်။ သို့မှသာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME) များဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်သည်။
ဆန်နှင့်ပတ်သက်၍ အရည်အသွေးပြည့်မီသောဆန်များကို ကြိတ်ခွဲထုတ်လုပ်နိုင်ရန်လိုပြီး တန်ဖိုးမြင့်ပြီး အရည်အသွေးပြည့်မီသည့်ဆန်များ တင်ပို့နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ သီးထပ်စိုက်ပျိုးရေးကို အောင်မြင်အောင်ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေးထွက်ကုန်များ နှစ်ဆတက်လာမည်ဖြစ်ပြီး ကုန်ချောထုတ်ကုန်များလည်း တိုးတက်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ပြည်ပသို့တင်ပို့မှု ကန့်သတ်ထားခြင်းမရှိသဖြင့် ပြည်ပနိုင်ငံများသို့ လျင်မြန်ချောမွေ့စွာတင်ပို့နိုင်ရေး အလေးထားဆောင်ရွက်ရန်လိုသည်။ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ရည်မှန်းချက်အတိုင်း ထုတ်လုပ်နိုင်ရန် အခြေခံကောင်းများရှိပြီးဖြစ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အရည်အသွေးပြည့်မီ မြင့်မားတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပြီး ပြည်ပနိုင်ငံများသို့ ဆိပ်ကမ်းများမှ လွယ်ကူချောမွေ့စွာ တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် စနစ်တကျ ဆောင်ရွက်သွားရန်လိုသည်။
သို့ဖြစ်ရာ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများမြှင့်တင်ရေးကို အားပေးကူညီဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ငွေကြေးကဏ္ဍ၌ ခိုင်မာတောင့်တင်းသည့် လုပ်ငန်းရှင်များကလည်း နိုင်ငံတော်နှင့် ပြည်သူလူထုဖွံ့ဖြိုးတိုးတက်လာရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးကို တိုက်ရိုက်အထောက်အကူပြုသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ ၎င်းတို့ကိုအခြေခံသည့် ထုတ်ကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍများ၌ပါဝင်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အားတက်သရော ဦးစားပေးဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။