နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ပေါ်ထွက်လာသောအစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် လိုအပ်လျက်ရှိသော နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းမှုရှိစေရေးကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှသာ ရည်မှန်းချက်သို့ ရောက်နိုင်မည်ဖြစ်သည်။
ပစ္စုပ္ပန်ကာလ၌ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ပကတိလိုအပ်ချက်မှာ ဥပဒေနှင့်အညီ အေးအေးချမ်းချမ်းနေထိုင်လုပ်ကိုင်စားသောက်၍ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစွာဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာရေးဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု၏ ပကတိလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး တန်းတူညီမျှခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုတည်ငြိမ်အေးချမ်းရေးကို ဦးတည်ကြိုးပမ်းလျက်ရှိသည်။
အဆိုပါလုပ်ငန်းစဉ်များ အချိန်တိုအတွင်း ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ တိုင်းရင်းသားပြည်သူများက နိုင်ငံတော်အစိုးရနှင့်အတူ တက်ညီလက်ညီ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။ အနာဂတ်အင်အားများဖြစ်သည့် လူငယ်လူရွယ်များ၏ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ တိုင်းချစ်ပြည်ချစ်စိတ်များရရှိပြီး တိုင်းပြည်ဂုဏ်ကို မြှင့်တင်လိုစိတ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်ထိန်းလိုစိတ်များ ဖြစ်ပေါ်စေရေးအတွက် စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးရန်လိုအပ်ပါသည်။
ယနေ့အချိန်ကာလသည် မြန်မာနိုင်ငံရှိ ပြည်သူများ၏ လိုလားချက်နှင့်အညီ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဟူသည့် လောကပါလတရားများ ထွန်းကားရာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့် နိုင်ငံအဖြစ်သို့ စတင်လျှောက်လှမ်းနေချိန်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံထူထောင်ရာတွင် နိုင်ငံသူ နိုင်ငံသားများအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း၊ တရားဥပဒေကို လေးစားလိုက်နာခြင်းနှင့် အသိဉာဏ်ပညာပြည့်ဝခြင်းတို့သည် မရှိမဖြစ်လိုအပ်သောအချက်များဖြစ်သည်။ စည်းလုံးညီညွတ်ခြင်းသည် နိုင်ငံ့အင်အားကို တောင့်တင်းခိုင်မာစေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့်အကျိုးစီးပွားများကို ဖြစ်ထွန်းစေပါသည်။
ယနေ့ကာလဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများကို ကြည့်မည်ဆိုလျှင် စည်းလုံးညီညွတ်မှုအင်အားများ အခိုင်အမာတည်ဆောက်ထားကြသည်ကို တွေ့ရမည်ဖြစ်သည်။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသော စကားနှင့်အညီ မိမိတို့တိုင်းပြည်ခိုင်မာတောင့်တင်းအောင် ပြည်တွင်းအင်အားဖြင့်သာ တည်ဆောက်ထားကြရမည်ဖြစ်သည်။ သို့သော် မျက်မှောက်ကာလ မြန်မာနိုင်ငံ၏ အခြေအနေမှာ နိုင်ငံတည်ဆောက်ရေးကို ဖြောင့်တန်းစွာမလုပ်နိုင်ဘဲ တိုင်းဖျက်ပြည်ဖျက်အန္တရာယ်များကို ပြည်တွင်းအင်အားဖြင့် ကြိုးစားကာကွယ်နေရသဖြင့် တည်ငြိမ်အေးချမ်းမှုများအားနည်းပြီး ဖွံ့ဖြိုးတိုးတက်မှုများနှင့် အလှမ်းဝေးနေသည်ကို မြင်တွေ့နိုင်သည်။
မျက်မှောက်ကာလ ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများသည် နိုင်ငံရေးအမြင်မတူညီမှုများကို အခြေခံသကဲ့သို့ တသီးတခြားရပ်တည်လိုစိတ်နှင့် အတ္တအကျိုးစီးပွားများကိုသာ ရှေ့တန်းတင်လိုမှုများကြောင့် ပေါ်ပေါက်နေခြင်းဖြစ်သည်။ နယ်မြေဒေသအသီးသီးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံတော်၏ အခြေခံအဆောက်အအုံများနှင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များပျက်သုဉ်းကာ ဆင်းရဲဒုက္ခရောက်နေကြသည်။ အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် ပြည်တွင်းပြည်ပမှ အမျိုးမျိုးသောပံ့ပိုးမှုများနှင့် သွေးထိုးလှုံ့ဆော်မှုများ ပါဝင်နေသည်ကို နိုင်ငံသားတိုင်းသတိချပ်သင့်ပြီး စည်းလုံးညီညွတ်မှုပျက်ပြားရာမှ ဖြစ်ပေါ်လာသော ဆင်းရဲဒုက္ခများကို သင်ခန်းစာယူရန် အချိန်ကာလဖြစ်သည်။
ယနေ့ လက်နက်ကိုင်တိုက်ခိုက်မှုများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပတ်သက်သူများအနေဖြင့် ပြည်သူများ ဒုက္ခဆင်းရဲရောက်စေပြီး နိုင်ငံကို အန္တရာယ်ကျရောက်စေသည့်လုပ်ရပ်များကို နိုင်ငံနှင့် ပြည်သူ့အကျိုးကိုရှေးရှု၍ ရပ်တန့်ကြရန်လိုသည်။ နိုင်ငံသူ နိုင်ငံသားများအနေဖြင့်လည်း စည်းလုံးညီညွတ်မှုကို ခိုင်မာစွာတည်ဆောက်၍ ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းခံကာ မြန်မာဟူသော စိတ်ထားတစ်ခုတည်းထားရှိပြီး လက်တွဲပူးပေါင်းဆောင်ရွက်ကြမည်ဆိုလျှင် ပြည်ထောင်စုကြီးရှေ့ခရီး အစဉ်သာယာချောမွေ့မှုကို မလွဲဧကန်ရရှိနိုင်မည်ဖြစ်ပါကြောင်း။ ။