Skip to main content

မျှော်မှန်းချက်များအတိုင်းအောင်မြင်ရေး တစ်မျိုးသားလုံးကြိုးပမ်းကြရန်လို

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တစ်မျိုးသားလုံး၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ) ကို ကျပ် ၁၇၁၄၉၈ ဘီလီယံရရှိရန် မျှော်မှန်းထားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း ၃ ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်တွင် မတ် ၂၄ ရက်ကကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေစာရင်းအပေါ်အခြေခံပြီး လူဦးရေ ၅၁ ဒသမ ၃ သန်းနှင့် ခန့်မှန်းထားသည့် တစ်ဦးကျထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုးကို ၃ ဒသမ ၃ သန်းကျော်ရရှိစေရန် လျာထားသည်ဟုလည်း သိရှိရသည်။

မိမိတို့နိုင်ငံ၏ ဂျီဒီပီဆိုသည်မှာ မိမိတို့နိုင်ငံအတွင်း၌ တစ်နှစ်တာကာလအတွင်း ထုတ်လုပ်လိုက်သော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏တန်ဖိုးပင်ဖြစ်သည်။ မိမိတို့နိုင်ငံသားများ၏ လူနေမှုအဆင့်အတန်းသည် တစ်မျိုးသားလုံးကုန်ထုတ်လုပ်မှုတန်ဖိုးနှင့် တိုက်ရိုက်အချိုးကျလျက်ရှိရာ တိုင်းပြည်ကုန်ထုတ်တိုးသည်နှင့်အမျှ နိုင်ငံသားတို့ လူနေမှုအဆင့်အတန်းမြင့်မားလာမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် မိမိတို့နိုင်ငံ၏ တစ်မျိုးသားလုံးကုန်ထုတ်လုပ်မှုတန်ဖိုးသည် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများတွင် အနိမ့်ဆုံးဖြစ်နေရာ ၎င်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်သည့် အခြေအနေသို့ ရောက်ရှိအောင် တစ်မျိုးသားလုံးကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။

နိုင်ငံ့စီးပွားကောင်းမွန်လာစေရန် တစ်မျိုးသားလုံး၏ ကုန်ထုတ်လုပ်မှုမြင့်မားလာစေရေး ဆောင်ရွက်ရသည့်လုပ်ငန်းသည် အစိုးရနှင့် ပြည်သူတို့ သူ့တာ၊ ကိုယ့်တာကျေပွန်အောင်ဆောင်ရွက်ကြရသည့် လုပ်ငန်းဖြစ်သည်။ မူဝါဒချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲခြင်းနှင့် စီမံကိန်းများ အောင်မြင်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းခြင်း၊ တွန်းအားပေးခြင်းတို့ကို အစိုးရပိုင်းက ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုများနှင့် ဝန်ဆောင်မှုများကို စီမံကိန်းရည်မှန်းချက်များနှင့်အညီ အောင်မြင်အောင်အကောင်အထည်ဖော်သည့်အပိုင်းမှာ ပြည်သူတို့က ဆောင်ရွက်ကြခြင်းဖြစ်သည်။

မတ် ၂၄ ရက်က ကျင်းပသည့် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲက “နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအင်အားကောင်းမွန်ရန်အတွက် ဂျီဒီပီကို ရည်မှန်းထားသည့်အတိုင်းရရှိရန် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားစီမံကိန်းနှင့် ဒေသန္တရစီမံကိန်းများတွင် ရည်မှန်းထားသည့်ရလဒ်များ ရရှိစေရေး လက်တွေ့ကျကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ့အရေးကို ရှေ့တန်းတင်ပြီး အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ပေးနေသည့် မိမိတို့အစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းများကို ထင်သာမြင်သာရှိပြီး ပြည်သူများ အကျိုးကျေးဇူးရရှိခံစားနိုင်ရန်နှင့် လုပ်ဆောင်ချက်များအားလုံးကို မှတ်ကျောက်တင်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။” မှာကြားခဲ့ရာ တစ်မျိုးသားလုံးကုန်ထုတ်တိုးရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်၍ ကဏ္ဍအလိုက် ကျရာတာဝန်တို့ ကျေပွန်အောင်ထမ်းဆောင်ကြရမည်ဖြစ်သည်။

ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားရေးအတွက် စိုက်ပျိုးရေး၊ လယ်ယာသားငါးကဏ္ဍများ တိုးတက်စေရေးနှင့် ပန်းတိုင်ရည်မှန်းချက်များပြည့်မီရေး၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လာစေရန် ပိုမိုတိုးမြှင့်အားပေးဆောင်ရွက်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများကို လေလွင့်မှုမရှိစေဘဲ ထိရောက်စွာသုံးစွဲ၍ အဆင့်မီကုန်ချောများထုတ်လုပ်နိုင်သော MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။