Skip to main content

တစ်စိတ်တစ်ဝမ်းတည်း စုပေါင်းအားဖြင့် နိုင်ငံတော်ကိုကာကွယ်တည်ဆောက်

မြန်မာနိုင်ငံသည် သင့်တင့်လျောက်ပတ်သောရာသီဥတု၊ များပြားလှသော စိုက်ပျိုးမြေ၊ သဘာဝသယံဇာတများပေါများမှုကြောင့် သမိုင်းအစဉ်အဆက်ကတည်းက အင်အားအသင့်အတင့်ရှိသည့် လူမျိုးစုများ၊ အင်အားနည်းသည့်လူမျိုးစုများ၏ ပြောင်းရွှေ့နေထိုင်ရာ၊ အခြေချနေထိုင်ရာ နယ်မြေဖြစ်ခဲ့သဖြင့် တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ အေးချမ်းစွာစုစည်းနေထိုင်ရာအမိမြေ၊ အမိနိုင်ငံတော်ဖြစ်ခဲ့သည်။

ကိုလိုနီခေတ်က သွေးခွဲအုပ်ချုပ်မှုစနစ်အရ တစုတစည်းတည်းစုစည်းနေထိုင်ကြသည့် တိုင်းရင်းသားများ၏ စုစည်းညီညွတ်မှုသည် ပြိုကွဲခဲ့ရသည်။ သို့သော် မြန်မာနိုင်ငံ လွတ်လပ်ရေးပြန်လည်ရရှိရန်အတွက် တိုင်းတစ်ပါးကျူးကျော်မှုများကို တပ်မတော်နှင့်အတူ ပြည်သူတစ်ရပ်လုံးစုစည်းညီညွတ်စွာဖြင့် လက်တွဲပူးပေါင်းတွန်းလှန်တိုက်ဖျက်ခဲ့ကြသည်။ လွတ်လပ်ရေးရရှိပြီးသည့်အချိန်တွင် သွေးကွဲခြင်း၏ ဆိုးမွေများအဖြစ် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့် ကြုံတွေ့လာခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။

ထိုသို့ သွေးကွဲခဲ့ရသည့် အဖြစ်များ၏ နောက်ကွယ်တွင် လက်နက်ကိုင်ပဋိပက္ခများကို နယ်ချဲ့လက်သစ်များနှင့် အပေါင်းပါများကပင် ဆက်လက်အားပေးထောက်ပံ့ခဲ့သောကြောင့်ဖြစ်သည်။ ထို့ပြင် ပြည်တွင်းမှ အမျိုးသားသစ္စာဖောက်များက အယူဝါဒရေးရာကွဲပြားမှု၊ လူမျိုးရေးအရကွဲပြားမှု၊ နိုင်ငံရေးအရကွဲပြားမှု၊ တပ်မတော်အပေါ် အထင်အမြင်လွဲမှားမှု၊ အာဃာတထားမှုများအပေါ် အကြောင်းပြု၍ ပြည်သူများစိတ်ဝမ်းကွဲပြားအောင်၊ တိုင်းပြည်အခက်အခဲအကျပ်အတည်း ဖြစ်အောင်၊ ဆူပူမှု၊ ပဋိပက္ခများဖြစ်အောင်၊ လက်နက်ကိုင်ပဋိပက္ခများ ကြီးထွားလာအောင် တစိုက်မတ်မတ်ကြံစည်အားထုတ်ပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး သမိုင်းကြောင်းအဆက်ဆက်၊ အစိုးရအဆက်ဆက်တို့က တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်ခဲ့သော်လည်း ပြည်တွင်းရေးလှုံ့ဆော်မှုအခြေအနေများထက် ပြည်ပမှ အားပေးလှုံ့ဆော်ပါဝင်စွက်ဖက်ထောက်ပံ့မှုများကြောင့် တည်ငြိမ်အေးချမ်းမှုနှင့် လက်နက်ကိုင်ပဋိပက္ခများသည် မငြိမ်းနိုင်သည့် မီးတောက်များကဲ့သို့ ယခုထက်တိုင် လောင်ကျွမ်းလျက်ရှိသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ ထိုသို့ အဖြစ်အပျက်များကြောင့် မြန်မာနိုင်ငံသည် အခွင့်အလမ်းကောင်းများစွာရှိပါလျက်နှင့် တည်ငြိမ်မှုပျက်ပြားပြီး ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ တပ်မတော်သည် သမိုင်းကြောင်းအစဉ်အလာကောင်းများနှင့်အညီ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အသက်၊ သွေး၊ ချွေးများပေးဆပ်ပြီး ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ တပ်မတော်သည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရမည့် မူလတာဝန်များအပြင် ပြည်သူများလိုလားသော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ် အကောင်အထည်ပေါ်ရေး၊ တိုင်းရင်းသားလူမျိုးများအရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကို မျက်ခြည်မပြတ် တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများကို သင်ခန်းစာယူပြီး အခွင့်အလမ်းများဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် တစည်းတလုံးတည်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြသကဲ့သို့ ဖွံ့ဖြိုးမှုနောက်ကျကာ အောက်ကျနောက်ကျဖြစ်နေသော နိုင်ငံတော်ကို ပြန်လည် ဦးမော့လာအောင် နိုင်ငံသူ နိုင်ငံသားအားလုံးတို့က မိမိနိုင်ငံ၊ မိမိတို့တိုင်းရင်းသားပြည်သူများကို ချစ်မြတ်နိုးသည့်စိတ်၊ မြန်မာစိတ်မွေးမြူပြီး စုစည်းညီညွတ်သည့် အင်အားများဖြင့် နိုင်ငံကို ဝိုင်းဝန်းတည်ဆောက်ကြရမည်ဖြစ်သည်။

ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများအားလုံး စည်းလုံးညီညွတ်မှုမရှိသမျှကာလပတ်လုံး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို အပြည့်အဝဆောင်ရွက်နိုင်မည်မဟုတ်ပေ။ မည်သည့်စီးပွားရေးစနစ်ကိုမျှ အပြည့်အဝအောင်မြင်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ မည်သည့်နိုင်ငံရေးစနစ်ကိုမျှ ခိုင်ခိုင်မာမာ ဦးဆောင်နိုင်မည်မဟုတ်ပေ။ မည်သည့်လူမှုရေးစနစ်ကိုမျှ သာယာဝပြောပြီး စိတ်ချမ်းသာမှုအပြည့်အဝရရှိအောင် ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် စည်းလုံးညီညွတ်မှုကို ခိုင်မာအောင်တည်ဆောက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ တပ်မတော်သည် တိုင်းရင်းသားပြည်သူများနှင့် အတူလက်တွဲပြီး နယ်ချဲ့တို့ကို တွန်းလှန်ဖယ်ရှားကာ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သလို လွတ်လပ်သောနိုင်ငံအဆင့်အတန်းနှင့် လျော်ညီစွာ တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာဝပြောရေးအတွက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တပ်မတော်နှင့်အတူ လက်တွဲပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စည်းလုံးညီညွတ်သောအင်အားများဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။      ။