လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းသိပြည်သိ ကမ္ဘာသိ အကြိမ်ကြိမ်ထုတ်ဖော် ပြောကြားချက်များနှင့်အတူ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကလည်း တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ဖြစ်ပေါ်လျက်ရှိသည်။ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာရရှိရေးအတွက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခဲ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် မြို့နယ်အချို့ကောက်ယူရန် ကျန်ရှိနေသည်။ ကောက်ယူရရှိသည့် စာရင်းများအပေါ်မူတည်၍ ဆန္ဒမဲပေးနိုင်သည့် အသက် ၁၈ နှစ် နှင့်အထက် လူဦးရေစာရင်းမှာ ကောက်ယူရရှိပြီးဖြစ်သည်။
လက်ရှိ ပြည်တွင်းဒေသအချို့တွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် ဒေသမတည်ငြိမ်မှုများကြောင့် ရွေးကောက်ပွဲကျင်းပရန် ဖြစ်နိုင်မဖြစ်နိုင် ဝေဖန်ပြောကြားမှုများ ရှိနေသကဲ့သို့ အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူအချို့ကလည်း ရွေးကောက်ပွဲကျင်းပမည့်အပေါ် အနှောင့်အယှက်ပြုရန် ခြိမ်းခြောက်မှုများလည်းရှိနေသည်။ မည်သို့ပင်ရှိစေကာမူ ရွေးကောက်ပွဲများကျင်းပပေးခြင်းသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိခြင်းပင်ဖြစ်ပြီး နိုင်ငံ၏အချုပ်အခြာအာဏာကို မူလပိုင်ရှင်ဖြစ်သော နိုင်ငံသားပြည်သူများ၏ လက်သို့ပြန်လည်အပ်နှင်းခြင်းပင်ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရေးအတွက် အချိန် ၉ လခန့် ကျန်ရှိနေရာ ယင်းကာလအတွင်း ဖြစ်ပေါ်တိုးတက်လာသည့်အခြေအနေများနှင့် လိုက်လျောညီထွေစွာပင် ရွေးကောက်ပွဲကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်မည်ဖြစ်သည်။
“မိမိတို့အနေဖြင့် ရွေးကောက်ပွဲအထမြောက်သည့်အဆင့်ကို ဦးစားပေးပြီးမြောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်များကျင်းပရာတွင် အစည်းအဝေးအထမြောက်ခြင်းနှင့်ပတ်သက်၍ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များနှင့်ပတ်သက်၍လည်း အလားတူပင်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မတ် ၂၅ ရက်တွင် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး၌ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ လွှတ်တော်ဆိုင်ရာဥပဒေနှင့် နည်းဥပဒေများအရ လွှတ်တော်သက်တမ်းတစ်ခုအတွင်း ကျင်းပသော လွှတ်တော်အစည်းအဝေးတစ်ရပ်ရပ်၏ ပထမနေ့တိုင်း၌ လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော်ဦးရေ တက်ရောက်လျှင် ယင်းအစည်းအဝေးအထမြောက်သည်။ အကယ်၍အထမမြောက်ပါက အစည်းအဝေးကို ရွှေ့ဆိုင်းကျင်းပရမည်။ အစည်းအဝေးအထမမြောက်သည့်အတွက် ရွှေ့ဆိုင်းကျင်းပသော အစည်းအဝေးများနှင့် အစည်းအဝေးအထမြောက်ပြီးနောက် ဆက်လက်ကျင်းပသော အစည်းအဝေးများတွင် လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေအနက် အနည်းဆုံး သုံးပုံတစ်ပုံတက်ရောက်လျှင် ယင်းအစည်းအဝေးများ အထမြောက်သည်ဟု ပြဋ္ဌာန်းထားရာ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ လေးပုံတစ်ပုံရှိပြီးဖြစ်သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် နောက်ထပ်လိုအပ်သော လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကို ရွေးကောက်တင်မြှောက်နိုင်လျှင် ရွေးကောက်ပွဲအထမြောက်ပြီဖြစ်သည်။
ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာလ တတိယပတ်နှင့် စတုတ္ထပတ်၊ ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တို့အတွင်း ကျင်းပပြုလုပ်ရန်လျာထားပြီး Electronic Voting Machine ဖြင့် ကိုယ်တိုင်ဆန္ဒမဲပေးကြရမည်ဖြစ်သည်။ ယခင်ရွေးကောက်ပွဲများတွင် ကျင့်သုံးခဲ့သည့် မဲများသူအနိုင်ရသည့်စနစ် (First Past The Post)FPTP စနစ်အပြင် အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့တွင် PR စနစ်ကို ပေါင်းစပ်ကျင့်သုံးနိုင်ရေးအတွက်လည်း လျာထားဆောင်ရွက်လျက်ရှိရာ အားလုံးသဘောတူညီဆုံးဖြတ်ပြီးပါက တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ကြမည်ဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းလုံး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရန် နိုင်ငံတော်က ခိုင်မာပြတ်သားသည့် သန္နိဋ္ဌာန်ဖြင့် ဆောင်ရွက်လျက်ရှိသည့်အပေါ် နိုင်ငံသားပြည်သူတစ်ရပ်လုံးက တညီတညွတ်လိုက်ပါဆောင်ရွက်ခြင်းဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ မဝေးတော့သည့်အနာဂတ်တွင် ဖြစ်ပေါ်တိုးတက်လာနိုင်ပါမည့်အကြောင်း။ ။