Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁(MICC-1)၊ ရန်အောင်မြင်ဆည်နှင့် ရွှေကြာပင်ရပ်ကွက် မြို့နယ်အားကစားကွင်းရှိ ရွေ့လျားယာယီဆေးရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဧပြီ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် အနည်းငယ်ထိခိုက်ပျက်စီးခဲ့သည့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)၊ ရန်အောင်မြင်ဆည်တို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ ယာယီဖွင့်လှစ်ကုသပေးလျက်ရှိသည့် ယာယီဆေးရုံရှိလူနာများအား ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးစကားပြောကြားသည်။                   

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ငလျင်ဒဏ်ကြောင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ပင်မအဆောက်အအုံအဝင် မျက်နှာကြက်ထိခိုက်ပျက်စီးမှုများ၊ ကျောက်စိမ်းခန်းမ၊ ပတ္တမြားခန်းမ၊ မြခန်းမတို့ မျက်နှာကြက်ပျက်စီးမှုများနှင့် အစည်းအဝေးခန်းမများ၊ နံရံများ အနည်းငယ်ကွဲအက်နေမှုနှင့် ပျက်စီးမှုအချို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

လိုအပ်သည်များမှာကြား

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်ဆည်သို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ကုန်းချောတမံအက်ကွဲကြောင်းများအား ယာယီပြုပြင်ထားရှိမှု၊ အက်ကွဲကြောင်းများအတွင်း သဲနှင့်မြေသားဖြည့်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် မြေသားစစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများက ရန်အောင်မြင်ဆည်ဆိုင်ရာ အချက်အလက်များနှင့် ဆည်တမံကြံ့ခိုင်မှုနှင့် ငလျင်ဒဏ်ကြောင့် အက်ကွဲကြောင်းများဖြစ်ပေါ်ခဲ့မှုတို့အား ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက်မှုရှိခဲ့သည့် ကုန်းချောတမံအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို မိုးရာသီမတိုင်မီ ပြီးစီးအောင် ဆောင်ရွက်သွားရန်၊ ရေဝေရေလဲသစ်တောများအား စိမ်းစိုသည်အထိ ဆောင်ရွက်သွားရန်၊ စိုက်ပျိုးထားသည့် သစ်ပင်များအား ရှင်သန်အောင် ပြုပြင်ထိန်းသိမ်းသွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

လိုက်လံကြည့်ရှု

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ ယာယီဖွင့်လှစ်ကုသပေးလျက်ရှိသည့် အမေရိကန်အခြေစိုက် Samaritan’s Purse International Relief Organization ရွေ့လျားဆေးရုံသို့ ရောက်ရှိရာ ဆေးရုံတာဝန်ခံ Dr. Elliott Tenpenny က ဆေးရုံ၌ လူနာများ ခွဲစိတ်ကုသပေးနေမှုနှင့် ဆေးရုံဖွင့်လှစ်ထားရှိမှုအခြေအနေများအား လိုက်လံရှင်းလင်းပြသရာ နိုင်ငံတော်ဝန်ကြီးချုပ်က ရွေ့လျားဆေးရုံအတွင်း လိုက်လံကြည့်ရှုပြီး လူနာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ယခုကဲ့သို့ မြန်မာနိုင်ငံသို့ လာရောက်ကူညီဆောင်ရွက်မှုအတွက် အမေရိကန်နိုင်ငံအစိုးရနှင့် အမေရိကန်ပြည်သူလူထုအား ကျေးဇူးတင်ရှိကြောင်းဖြင့် ပြောကြားသည်။

ကျေးဇူးတင်ရှိ

ထို့နောက် အမေရိကန်ဆေးကုသရေးအဖွဲ့မှ တာဝန်ခံက မြန်မာနိုင်ငံသို့ မိမိတို့လာရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအစိုးရအနေဖြင့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေချောမွေ့စွာဖြင့် ဆောင်ရွက်ပေးသည့်အတွက် မိမိတို့အနေဖြင့် လူနာများကုသရာတွင် ပိုမိုအဆင်ပြေသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

ခွဲစိတ်ကုသပေးနိုင်ခဲ့

အဆိုပါ ရွေ့လျားဆေးရုံမှာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးနှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ ပူးပေါင်း၍ ကွန်တိန်နာဘောက်များဖြင့် ဆောက်လုပ်ထားသည့် အရေးပေါ်ခေတ်မီရွေ့လျားဆေးရုံဖြစ်ပြီး ပြင်ပလူနာဌာန၊ အရေးပေါ်ကုသမှုဌာန၊ ခွဲစိတ်ခန်း၊ ဆေးစတိုနှင့် ဓာတ်ခွဲခန်းတို့ပါဝင်ကြောင်း၊ လူနာ ၆၀ အား ကုသပေးနိုင်ရန်အတွက် ခုတင် ၆၀ ခန့် ယာယီဆေးရုံဖြစ်ကြောင်း၊ အဆိုပါယာယီဆေးရုံတွင် လူနာမျိုးစုံအား အခမဲ့ကုသပေးခြင်း၊ ခွဲစိတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါအဖွဲ့တွင် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ ခွဲစိတ်ဆရာဝန်၊ အရိုးကုဆရာဝန်များအပါအဝင် ပါရဂူနှင့် သူနာပြုများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အမေရိကန်ဆေးကုသရေးအဖွဲ့အနေဖြင့် ဧပြီ ၄ ရက် တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး ဧပြီ ၇ ရက် မှစတင်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လူနာ ၂၀ အား ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း၊ ဧပြီ ၁၀ ရက်တွင်လည်း အထူးကြပ်မတ်ဆောင်တစ်ဆောင်နှင့် ခွဲစိတ်ခန်းနှစ်ခန်းကို ထပ်မံဖွင့်လှစ်ပြီး ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                

သတင်းစဉ်