Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ပုံနှိပ်စက်ရုံ၊ သတင်းစာတိုက်များနှင့် ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး

နေပြည်​တော် ဧပြီ ၉

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းက ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် နေပြည်တော် ​ဇေယျာသီရိမြို့နယ်ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန နေပြည်တော် ပုံနှိပ်စက်ရုံ၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း သတင်းစာတိုက်များနှင့် ဝန်ထမ်းအိမ်ရာများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှင်းလင်းတင်ပြ

ဦးစွာ နေပြည်တော်ပုံနှိပ်စက်ရုံအစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးအား ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နေပြည်တော် ပုံနှိပ်စက်ရုံထိခိုက်ပျက်စီးမှုနှင့် ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေးဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက သတင်းစာတိုက်နှင့် ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးမှု၊ ငလျင်ဘေးသင့်ခဲ့သော်လည်း သတင်းစာများ ပုံမှန်ရိုက်နှိပ်ထုတ်ဝေနိုင်ခဲ့မှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကြီးကြောင့် ဌာနဆိုင်ရာများ၏ ရုံးအဆောက်အအုံများ၊ ပြည်သူပိုင်အဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများ ပျက်စီးမှုဖြစ်ပေါ်ခဲ့ရကြောင်း၊ သဘာဝဘေးဆိုသည်မှာ ရှောင်လွှဲ၍ မရနိုင်သဖြင့် ပြန်လည်ပြုပြင်မွမ်းမံတည်​ဆောက်မည့် အဆောက်အအုံများမှာ သဘာဝဘေးဒဏ်ခံနိုင်သည့် အဆောက်အအုံများဖြစ်ရန် လိုအပ်မည်ဖြစ်ပြီး ဝန်ထမ်းများ၊ ပြည်သူများကလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတများ သိရှိနားလည်ထားကြရန် လိုအပ်ကြောင်း၊ ငလျင်ဘေးကြုံတွေ့ခဲ့ရသော်လည်း ပြန်ကြားရေးဝန်ကြီးဌာန၏ ရုပ်သံလိုင်းများ၊ နေ့စဉ်ထုတ်သတင်းစာများကို ပုံမှန်ဖြန့်ချထုတ်လွှင့်နိုင်သည့်အတွက် ဝန်ထမ်းများကို အသိအမှတ်ပြုကျေးဇူးတင်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးရသည့် ဌာနဖြစ်သည့်အတွက် ဝန်ထမ်းများ အချင်းချင်းစာနာနားလည်မှုဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် နေပြည်တော် ပုံနှိပ်စက်ရုံစက်ခန်း၊ စာအုပ်ချုပ်ခန်းများ၊ ပုံနှိပ်စက်များအ​ခြေအ​နေ၊ ဝန်ထမ်းအိမ်ရာများ ပျက်စီးမှုအ​ခြေအ​နေ၊ ကြေးမုံသတင်းစာတိုက်အ​ဆောက်အအုံ၊ ဘိုးဝဇီရခန်းမ၊ ပုံနှိပ်စက်ခန်းများ၊ CTP ခန်းအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား အားပေးစကားပြောကြားသည်။

ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

နံနက်ပိုင်းကလည်း ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ CITIC Group (Myanmar) Co., Ltd. က ပြန်ကြား​ရေးဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့်ဝန်ထမ်းများအတွက် ဒုတိယအသုတ် ကူညီထောက်ပံ့ရေးပစ္စည်းများ လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကျေးဇူးတင်စကားပြောကြားပြီး CITIC Group (Myanmar) Co., Ltd.မှ ဒုတိယဥက္ကဋ္ဌ Mr.Piao Bo နှင့် Mr. Ma Chanfu တို့က ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။

သတင်းစဉ်