Skip to main content

ပြန်ကြားရေးဝန်ကြီးဌာနရှိ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများအတွက် ​ထောက်ပံ့ငွေများပေးအပ်

နေပြည်တော် ဧပြီ ၁၀

ပြန်ကြားရေးဝန်ကြီးဌာနရှိ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများအတွက် ​​ထောက်ပံ့​ငွေများပေးအပ်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပေးအပ်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူများနှင့် ဝန်ထမ်းများ ထိခိုက်ဆုံးရှုံးမှုရှိခဲ့ကြောင်း၊ ငလျင်ကြောင့် တချို့ဌာနများတွင် ထိခိုက်သေဆုံးမှုနှင့် အဆောက်အအုံများပျက်စီးဆုံးရှုံးမှုများပြားခဲ့သော်လည်း မိမိတို့ဌာနအနေဖြင့် ထိခိုက်သေဆုံးမှုနည်းပါးခဲ့သည်မှာ အဆိုးထဲမှ အ​ကောင်းဟုယူဆနိုင်ပြီး စိတ်အားတင်းရမည်ဖြစ်​ကြောင်း၊ လက်ရှိအချိန်တွင် ပြည်သူလူထုနှင့် ဝန်ထမ်းများထံ သတင်းမှားများ မရောက်ရှိစေရန် အရေးကြီးသည့်အတွက် မိမိတို့ နိုင်ငံပိုင်မီဒီယာများ၊ အွန်လိုင်းတို့မှတစ်ဆင့် သတင်းမှန်များ စဉ်ဆက်မပြတ်ထုတ်လွှင့်ပေးရမည်ဖြစ်ကြောင်း။

ဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် မိမိတို့နေရပ်များသို့ ပြန်လည်နေထိုင်နေကြသည့် ဝန်ထမ်းများရှိသကဲ့သို့ လုပ်ငန်းတာဝန်များကို ပုံမှန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများလည်းရှိကြောင်း၊ ထို့ကြောင့် သင်္ကြန်ပိတ်ရက်များအပြီးတွင် ဝန်ထမ်းများအားလုံး မိမိတို့သက်ဆိုင်ရာလုပ်ငန်းတာဝန်များကို ပြန်လည်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်နေကြရသူများဖြစ်သည့်အတွက် အားလုံးထက်ပို၍ စိတ်ဓာတ်သန်မာရန် လိုအပ်ကြောင်းနှင့် ပြည်သူများ၊ အခြားဝန်ထမ်းများအား စိတ်ခွန်အားပေးရင်း မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးရုံးနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းမိသားစုများအတွက် ​​ ထောက်ပံ့ငွေများကိုလည်းကောင်း ဒုတိယဝန်ကြီးက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့မှ ဝန်ထမ်းမိသားစုများအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း ပေးအပ်သည်။

မွန်းလွဲပိုင်းကလည်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းဦးဆောင်သည့်အဖွဲ့က ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအတွက် စားသုံးဆီဘူး ၁၂၀၀ ကို လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့သည်။

သတင်းစဉ်