Skip to main content

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ယာယီတည်းခိုရေးစခန်းများ တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၁၀

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ငလျင်ဘေးဒဏ်သင့်ပြည်သူများနှင့် ဝန်ထမ်းမိသားစုများနေထိုင်နိုင်ရန် ယာယီတည်းခိုရေးစခန်းများ တည်ဆောက်နေမှုနှင့် ဝင်ရောက်နေထိုင်မှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ သုခသိဒ္ဓိရပ်ကွက်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ ဓနသိဒ္ဓိရပ်ကွက်နှင့် ဗလသိဒ္ဓိရပ်ကွက်တို့ရှိ ယာယီတည်းခိုရေးစခန်းများတွင် ဘေးသင့်သူများ အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရေး၊ လျှပ်စစ်မီး၊ ဆိုလာမီး၊ သောက်ရေသန့်၊ သုံးရေ၊ ချိုးရေ၊ သန့်စင်ခန်းများ လုံလောက်စွာရရှိရေး၊ ကျန်းမာရေးဆေးပေးခန်း၊ စားဖိုဆောင်များနှင့် အခြားလိုအပ်သည်များ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်သူများနှင့် ဝန်ထမ်းမိသားစုများ မိုးရာသီမတိုင်မီယာယီနေထိုင်နိုင်ရန်အတွက် လိုအပ်သလောက် မိုးကာတဲများကို မြန်ဆန်စွာ တည်ဆောက်နေရာချထားပေး သွားမည်ဖြစ်ကြောင်း၊ ယာယီတည်းခိုရေးစခန်းများအားလုံးတွင် လိုအပ်သည့် ရေ၊ မီးနှင့် သန့်စင်ခန်းများကိုလည်း ပြည့်စုံလုံလောက်စွာ ဆောင်ရွက်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဆေးပေးခန်းများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆေးဝါးများ လုံလောက်စွာ စီမံဆောင်ရွက်ထားရှိမည်ဖြစ်ကြောင်း၊ ယခုယာယီတည်းခိုရေးစခန်းများတွင် ရေရှည်နေထိုင်ရန် မဖြစ်နိုင်သည့်အတွက် ပြန်လည်နေထိုင်နိုင်သည်ဟု စစ်ဆေးရေးအဖွဲ့က သတ်မှတ်သော မူလနေအိမ်တိုက်ခန်းများ၌ ပြန်လည်နေထိုင်ကြမည့် ဝန်ထမ်းမိသားစုများမှလွဲ၍ ပြုပြင်/အသစ် တည်ဆောက်ရမည့် နေအိမ်တိုက်ခန်းများ၌ နေထိုင်ခဲ့ကြသည့် ဝန်ထမ်းမိသားစုများကို မိုးမကျမီအစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများအလိုက် လုံခြုံမှုရှိပြီး သက်သာချောင်ချိစွာ နေထိုင်နိုင်မည့် ယာယီဘာရှာများ တည်ဆောက်၍ ပြောင်းရွှေ့နေရာချထားပေးသွားမည်ဖြစ်ကြောင်းနှင့် အခက်အခဲများရှိပါက တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြစေလိုကြောင်း ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် နိုင်ငံရေးပါတီ ၂၅ ပါတီမှ အလှူငွေကျပ် သိန်း ၁၀၀ နှင့် ပြည်ပရောက် မြန်မာနိုင်ငံသားစေတနာရှင်အလှူရှင်များက ၁၅၉ ဒသမ ၆ သိန်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနသို့ လာရောက်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်