Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း မန္တလေးမြို့အတွင်း မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် ဟိုတယ်များအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များအား တွေ့ဆုံ

နေပြည်တော် ဧပြီ ၁၀

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးတို့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့အတွင်း မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသည့် ဟိုတယ်များသို့ သွားရောက်၍ ဟိုတယ်အဆောက်အအုံများအတွင်းအပြင် ပြိုကျပျက်စီးနေမှုအခြေအနေများ၊ ပျက်စီးမှုများကို ရှင်းလင်းဖယ်ရှားနေမှုများနှင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဟိုတယ်များမှ တာဝန်ရှိသူများအား တွေ့ဆုံအားပေးကာ ပြိုကျပျက်စီးသွားသည့် အဆောက်အအုံများကို လမ်းများပိတ်ဆို့မှုမရှိအောင် အမြန်ရှင်းလင်းဖယ်ရှားကြရန်၊ အပျက်အစီးများကို ဖယ်ရှားခြင်း၊ အဆောက်အအုံများကို ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးဆောင်ရွက်ကြရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးတို့သည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မန္တလေးမြို့ရှိ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ တာဝန်ရှိသူများအား Hotel Hazel ၌ တွေ့ဆုံသည်။

တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဟိုတယ်အဆောက်အအုံများ၏ ထိခိုက်ပျက်စီးမှုအပေါ်မူတည်၍ သက်ဆိုင်ရာပညာရှင်များ၏ စစ်ဆေးချက်များရယူကာ ၎င်းတို့၏ တွေ့ရှိချက်များအတိုင်း လုပ်ငန်းစဉ်လိုက် ပြုပြင်မွမ်းမံ၍ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပြိုကျပျက်စီးသွားသော ဟိုတယ်အဆောက်အအုံများကိုလည်း အမြန်ဆုံးရှင်းလင်းနိုင်ရေးဆောင်ရွက်ကြစေလိုပါကြောင်း၊ ပျက်စီးဆုံးရှုံးမှုများကို စနစ်တကျစာရင်းပြုစု၍ တင်ပြပေးစေလိုပါကြောင်း။

ထိခိုက်ပျက်စီးသွားသော အဆောက်အအုံများအတွင်းသို့ မလိုအပ်ဘဲ ဝင်ရောက်ခြင်း မပြုကြရန်နှင့် ဘေးအန္တရာယ်ကင်းစွာနေထိုင်ကြရန် လိုအပ်ပါကြောင်း၊ အန္တရာယ်ရှိသော အဆောက်အအုံများအတွင်းသို့ ဝင်ရောက်ရာတွင် အန္တရာယ်မဖြစ်အောင် အကာအကွယ်များ ဝတ်ဆင်၍ သတိထားဆောင်ရွက်သွားကြရန်နှင့် ငလျင်အန္တရာယ်ဆိုင်ရာ သတိပြုရန် ထုတ်ပြန်ချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုများဖြစ် ပေါ်လာနိုင်သည့်အတွက် သတိရှိစွာနေထိုင်ကြရန် လိုအပ်ပါကြောင်း၊ အာမခံထားရှိသော လုပ်ငန်းရှင်များအနေဖြင့် အာမခံကြေးများ အမြန်ရရှိအောင် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရမှုများမှ ပြန်လည်ထူထောင်နိုင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားဆိုင်ရာအသင်းအဖွဲ့များ၊ ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းလုပ်ကိုင်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှု အခြေအနေများ၊ ဟိုတယ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ လုပ်ငန်းများ လည်ပတ်နိုင်ရေးအတွက် တွေ့ကြုံနေရသည့်အခက်အခဲများကို အသီးသီးတင်ပြကြရာ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပူးပေါင်းပံ့ပိုးဆောင်ရွက်ပေးမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ဗဟို)၊ ရန်ကုန်ဇုန်၊ တာချီလိတ်ဇုန်နှင့် ပြည်တွင်း/ပြည်ပမှ အလှူရှင်များက လှူဒါန်းသော ထောက်ပံ့ငွေများနှင့် အစားအသောက်များ၊ တစ်ကိုယ်ရေသုံးပစ္စည်းများကို ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက လက်ခံရယူပြီး ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများထံသို့ လွှဲပြောင်းဖြန့်ဝေပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်